မိုးဗြဲအခြေစိုက် ခမရ ၄၂၂ က လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်

ရှမ်း- ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ဧရိယာမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် ၄၂၂ ခြေမြန် တပ်ရင်းကနေ ဒီကနေ့ မွန်းလွဲပိုင်းမှာ မိုးဗြဲမြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၄၂၂ တပ်ကနေ့ မြို့ထဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ မြို့ခံတွေ ထိတ်လန့်နေကြတယ်။ ဘာကြောင့်ပစ်လဲတော့ ကျနော်တို့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးဗြဲမြို့ လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာ ဒုန်းဒူထန်ကျေးရွာနဲ့ လွယ်ယင်းမင်္ဂလာကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာနိုင်ဖို့ ရှိတယ်လို့ သတင်းရထားကြောင်း PDF (မိုးဗြဲ)က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် မိုးဗြဲမြို့က ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အသွားအလာပြုလုပ်တာတွေ မလုပ်ကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်(မိုးဗြဲ) က အသိပေး ထုတ်ပြန်ထား ပါတယ်။
မိုးဗြဲဒေသအတွင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေကြား ဖေဖော်ဝါရီ ၁၅ ရက်က တကျော့ပြန်တိုက် ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေရှိခဲ့ပါတယ်။
မိုးဗြဲဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေဟာ ဒီးမောဆိုမြို့နယ်အတွင်း ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ရက်ပေါင်း ၂၀ ကျော်ကြာ နေ့စဉ်တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ တင့်ကားတွေ သုံးကာ ပြည်သူ့ကာ ကွယ်ရေးတပ်တွေကို တိုက်ခိုက်မှုပြု လုပ်နေတာကြောင့် အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိနေပြီး ထိခိုက်ဒဏ်ရာရသေဆုံးတာတွေလည်းရှိနေပါတယ်။