ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ဒီးမော့ဆိုက နေအိမ် ၁၅ လုံးနှင့် ဘုရားကျောင်းပျက်စီး၊ ၂ ဦးဒဏ်ရာရ





ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာကို ဒီမနက်အစာပိုင်း ၂ နာရီလောက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဆောင်ဒူလာ ကက်သလစ် ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာသူရွာသားတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုအောင်းနေတဲ့ ဆောင်ဒူလာကျေးရွာကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်တာဟာ အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ကျေးရွာမှာ မတ် ၆ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၂ ဦး အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို စစ်ကောင်စီဘက်က အများအပြား သေဆုံးပြီးနောက် မတ်လ ၇ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ကျောက်ဆည်ကန်နဲ့ သေးဆူလဲ ကျေးရွာတွေကို အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့က အရာရှိ အရာခံ အပါအဝင် တပ်သားအများအပြား သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ (DMO-Local PDF) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အထိနာတဲ့ စစ်ကောင်စီဘက်က မတ်လ ၇ ရက်နေ့ နေ့ခင်းပိုင်းလောက်ကစပြီး ရဟတ်ယာဉ် ၂ စီး၊ တိုက်လေယာဉ် ၂ စီးနဲ့ ၁၅ ကြိမ်လောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ညဘက်မှာလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် ၁၅ လုံးလောက် မီးလောင်ပျက်စီးသွားခဲ့သလို ဒီကနေ့မနက်အစောပိုင်း တိုက်လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကက်သလစ် ဘုရားကျောင်းတကျောင်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။