ရုရှားလိဂ်က နိုင်ငံခြားသားနည်းပြနှင့်ကစားသမားများ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာနိုင်ဟု ဖီဖာ ထုတ်ပြန်

ရုရှားဘောလုံးလိဂ်ကလပ်အသင်းတွေက နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေအနေနဲ့ စာချုပ် ဖျက်သိမ်းပြီး နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ကြောင်း ဖီဖာကထုတ်ပြန်ပါတယ်။
ဖီဖာဟာ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ရုရှားလက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို နိုင်ငံတကာပြိုင်ပွဲ အသီးသီးကနေ ထုတ်ပယ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှာ အင်အားသုံးပြီး ထိုးစစ်ဆင်နေတဲ့ရု ရှားရဲ့ လုပ်ဆောင်မှုအပေါ် ထပ်မံရှုတ်ချတယ်လို့လည်း ဖီဖာရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
“နိုင်ငံခြားသားနည်းပြတွေနဲ့ ကစားသမားတွေဟာ ကလပ်တွေနဲ့ အလုပ်သမားစာချုပ်တွေကို ရာသီကုန်ဆုံးချိန်အထိ ဖျက်သိမ်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် တခြားနိုင်ငံက ကလပ်အသင်းတွေနဲ့ ဘာပြဿနာမှမရှိဘဲ စာချုပ် ချုပ်ဆိုနိုင်ပါတယ်” လို့ ဖီဖာက ထုတ်ပြန်ပါတယ်။
ကစားသမားအများအစည်းအရုံးကတော့ ဖီဖာရဲ့ ထုတ်ပြန်ချက်ဟာ အထောက်အကူဖြစ်စေပေမယ့် စာချုပ်ဖျက်သိမ်းဖို့က လွယ်ပေမယ့် နိုင်ငံတွင်းကနေ ထွက်ခွာနိုင်ဖို့အတွက်တော့ ထိတ်လန့်စရာအခြေအနေဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ရုရှားဘောလုံးအဖွဲ့အချုပ်ကတော့ လက်ရွေးစင်အသင်းတွေနဲ့ ကလပ်တွေကို ပြိုင်ပွဲအသီးသီးကနေ ထုတ်ပယ်ခဲ့တဲ့အပေါ် မကျေနပ်တာကြောင့် အားကစားဆိုင်ရာ ခုံရုံးကို အယူခံတင်သွင်းထားပါတယ်။