ရုရှားနိုင်ငံရှိ မက်ဒေါနယ်ဆိုင်များကို ပိတ်မည်

မက်ဒေါနယ်ကော်ပိုရေးရှင်းဟာ ရုရှားနိုင်ငံထဲက သူ့ဆိုင် ၈၄၇ ဆိုင်စလုံးကို ယာယီ ပိတ်သွားမယ်လို့ မတ်လ ၈ ရက်မှာ ကြေညာပါတယ်။
ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်ပြီးတဲ့နောက် ရုရှားနိုင်ငံထဲက လုပ်ငန်းတွေကို ရပ်ဖို့ တခြား ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေအပေါ် ဖိအားတွေ တိုးလာနေချိန်မှာ ခုလို ပြောလိုက်တာပါ။
မက်ဒေါနယ် စားသောက်ဆိုင်တွေ ပိတ်လိုက်တာဟာ ရုရှားမှာ အထင်ကရ အရေးပါတဲ့ လုပ်ရပ်တခု ဖြစ်လာမှာပါ။
၁၉၉၀ ပြည့်နှစ်က မော်စကိုမြို့လယ်မှာ ပထမဆုံး မက်ဒေါနယ်ဆိုင် ဖွင့်ချိန်က ဆိုဗီယက်ပြည်ထောင်စုပြိုလဲအပြီး အမေရိကန်အရင်းရှင်ဝါဒ လွှမ်းမိုးလာတဲ့ သင်္ကေတအဖြစ် သတ်မှတ် ပြောဆိုခဲ့ကြဖူးပါတယ်။
မက်ဒေါနယ်ကတော့ ရုရှားနိုင်ငံထဲက သူ့ဝန်ထမ်း အယောက် ၆ သောင်း ၂ ထောင်အတွက် လစာတွေ ဆက်ပေးသွားမယ်လို့ ပြောပါတယ်။
ကုမ္ပဏီက ကြီးမားပြီး တကမ္ဘာလုံးမှာ ဆိုင်ခွဲဖွင့်ထားတဲ့ ကုမ္ပဏီဖြစ်လို့ မက်ဒေါနယ် ကော်ပိုရေးရှင်းကို တခြားကုမ္ပဏီတွေကလည်း မကြာခဏ အတုယူလေ့ ရှိတဲ့အတွက် ဒီကိစ္စရပ်ဟာ အကြီးစား လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မယ့် အနေအထား ရှိတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် တင်ပြပါတယ်။
မက်ဒေါနယ်နဲ့ ပက်စီ နိုင်ငံတကာကော်ပိုရေးရှင်းတွေ အပါအဝင် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်ကြီးတွေဟာ ရုရှားနိုင်ငံထဲက လုပ်ငန်းတွေကို ရပ်ဖို့ အဖွဲ့အစည်း အတော်များများရဲ့ ဖိအားပေးတာကို ခံနေရတာပါ။
ရုရှားကတော့ ယူကရိန်းအပေါ် သူ့လုပ်ရပ်ကို အထူးစစ်ဆင်ရေးလို့ နာမည်ပေးထားပါတယ်။