close

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်သားများ စိတ်ကြွမူးယစ်ဆေးသုံးပြီး အကြမ်းဖက်မှုများ ကျူးလွန်

Army soldiers carry weapons as they walk to the earthquake struck area in Tarlay, Myanmar March 28, 2011. REUTERS/Soe Zeya Tun

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ စိတ်ကြွမူးယစ်ဆေးတမျိုးကို သုံးစွဲပြီးမှ အကြမ်းဖက်လုပ်ရပ်တွေကို ပြုလုပ်တာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူတွေကို စစ်သားတွေက ခြိမ်းခြောက် အနိုင်ကျင့်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
မူးယစ်ဆေးမသုံးထားတဲ့ အချိန်မျိုးဆိုရင် ဖမ်းမိတဲ့သူတွေကို ထွက်ပြေးခိုင်းပြီး တိုက်ခိုက်မှုကို လျှော့ချသွားကြတယ်လို့ ဆိုပါတယ်။
ကလေးမြို့ပြင်၊ ထိုမာရွာနားက GTC မှာ စစ်သားတွေဟာ အခြေချတပ်စွဲထားပြီး ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ နတ်မြောင်း ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းမှာ လက်နက်ကြီးကျခဲ့တာကြောင့် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရထားပါတယ်။
နတ်မြောင်းရွာ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်းခဲ့ကာ ပြည်သူတွေကို တနေကုန် နေပူထဲလှန်းပြီး PDF တွေလာရင် သတင်းပေးဖို့ ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်လို့ ကလေးဒေသခံတယောက်က ပြောပါတယ်။
“အရင်တခေါက်တုန်းက စစ်ကြောင်းတုန်းကလည်း သူတို့ ဘယ်လိုပြောလဲဆိုတော့ သူတို့ ဆေးမသုံးခင်ဆို တဲမှာတွေ့တဲ့သူတွေကို သွားတော့ သွားတော့လို့ ပြောတယ်။ ငါတို့ မင်းတို့ကို ဘာမှမလုပ်ချင်ဘူး၊ သွားတော့လို့ ခိုင်းတယ်တဲ့။ ဆေးသုံးပြီးသွားပြီဆိုရင်တော့ သူတို့က မရတော့ဘူး။ မြင်သမျှကို သတ်ချင်တယ်။ ဆေးသုံးပြီးပြီဆို မြင်သမျှလူကို PDF လိုလို သူတို့ကို တိုက်ခိုက်မယ့်သူလိုလို အဲဒီလိုထင်ပြီးမှ သတ်တာလို ဖြစ်တယ်။ ဆေးမသုံးခင်ဆို အကုန်လုံးကို လွှတ်ပေးတယ်။ အရင်တခေါက်တုန်းက အဘိုးကြီးတယောက်ကို သွားတော့ သွားတော့ ကျနော်တို့ ဘာမှမလုပ်ချင်ဘူး အဲဒီလို ပြောတယ်တဲ့။ ဆေးသုံးပြီးဆိုရင်တော့ မရဘူးလို့ ပြောတယ်။ မူးယစ်ဆေးတခုခု သုံးတာကို တချို့က မြင်တယ်။”
စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင် စတဲ့ မြို့နယ်ပေါင်း ၂၀ ကျော်မှာ မတ် ၃ ရက်နေ့ည ၁၁ နာရီကစပြီး အင်တာနက် ဖြတ်တောက်ခဲ့တာပါ။ အရင်တုန်းက ကနီ၊ ဘုတလင်၊ ယင်းမာပင် စတဲ့ အင်တာနက်ဖြတ်တောက်ခံရတဲ့ မြို့တွေနဲ့ပါဆို စုစုပေါင်း စစ်ကိုင်းတိုင်း မြို့နယ်ပေါင်း ၃၀ ကျော်မှာ အင်တာနက် အဖြတ်ခံထားရပါတယ်။
အင်တာနက်တွေ ဖြတ်တောက်တာဟာ သူတို့ရဲ့ အကြမ်းဖက်သတင်းတွေကို အမှောင်ချချင်တာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက မြို့နယ်တိုင်းမှာလိုလို နေ့တိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း မတ် ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေပါတယ်။ ချင်းပုန်း၊ သပြေအေး၊ ချောင်းလှ၊ ကန်သာ၊ လက်ပံတောရွာတွေမှာ စစ်သားတွေက အကြမ်းဖက်သတ်ဖြတ် မီးရှို့တာတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ယင်းမာပင် PDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်သူရိန်က “ဒီလုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် သူတို့က အကြောက်တရားကို ပြည်သူတွေရင်ထဲကို သွင်းတယ်။ ဒါပေမဲ့ ပြည်သူလူထုက အခုအချိန်မှာ မကြောက်တော့ဘူး။ ဘာလို့မကြောက်တာလဲဆိုတော့ ဒီမိုကရေစီစနစ်ကို ကျနော်တို့ရလာတာ အချိန်မကြာပေမဲ့ ကျနော်တို့က ဒီမိုကရေစီရဲ့ အနှစ်သာရကို ကြိုက်တယ်။ မီးရှို့လေ ပြည်သူလူထုက ဒီကောင်တွေကို မုန်းလေပဲ။ လူတယောက်က ဘာမှတွယ်တာစရာ မက်မောစရာ မရှိတော့ဘူးဆိုရင် ကျနော်တို့က ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် နည်းလမ်းပေါင်းစုံနဲ့ ထိုးစစ်ဆင်နေပြီး ဒေသခံ PDF တွေကတော့ ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အင်တာနက်တွေ ဖြတ်တောက်ခံရတာကြောင့် ငွေလွှဲလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ လျှပ်စစ်မီးတွေ ပြတ်တောက်ပြီး စက်သုံးဆီဈေး အဆမတန် မြင့်တက်နေတာကြောင့်လည်း လုပ်ငန်းတော်တော်များများဟာ ပုံမှန်မလည်ပတ်နိုင်ဘဲ အခက်အခဲ ဖြစ်နေရပါတယ်။ စစ်တပ်က ဖြတ် ၄ ဖြတ်စနစ် ကျင့်သုံးနေတာကြောင့် စစ်ကိုင်းဒေသခံ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up