မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် တံတား ၁ စင်း မိုင်းခွဲခံရ၊ ကေအန်ယူက လမ်းပိတ်ထား

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို မတ်လ ၁၁ ရက် ဒီကနေ့မနက် ၈ နာရီကနေ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကေအန်အယ်လ်အေ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ကေအန်ယူက ခုလို လမ်းပိတ်လိုက်တယ်လို့ပြောပေမဲ့ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးတာကြောင့် ခရီးသွားလာသူတွေကတော့ ဆက်လက်သွားလာနေကြပြီး ကားတွေကတော့ မှန်ဖွင့်မောင်းနေကြတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။
ကေအန်အယ်လ်အေ တပ်မဟာ ၆ နယ်မြေကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာဖို့ သတိပေးထားသလို စစ်ကောင်စီတပ်တွေကို ထောက်ပံ့ပေးနေတဲ့ လေယာဉ်ဆီတွေ မသယ်နိုင်အောင် အခုလို လမ်းပိတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီအချိန်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်း တောနော်ရေတံခွန်ရှေ့ လမ်းတံတားတခု ဖောက်ခွဲဖျက်ဆီးခံရပြီး တခြမ်းပျက်စီးသွားတဲ့တွက် ကုန်တင်ကားကြီးတွေ သွားမရတော့ဘဲ ကားအသေးတွေသာ ဖြတ်သွားလို့ရတယ်လို့လည်း ကော့ကရိတ် ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်ကနေ အခုမွန်းလွဲပိုင်းလောက်ထိ ကော့ကရိတ်မြို့နယ်အခြေစိုက် လက်နက်ကြီးကုန်းကနေ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးဘက်နဲ့ ရွာသစ်မြို့ဟောင်းဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရပါတယ်။
မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာတော့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမဲ့ ဒီကနေ့မနက်တော့ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။