close

ယင်းမာပင်တွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် အကျအဆုံးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၁၀ ရက်ညက အိုးဘိုကျေးရွာအတွင်းကို တပ်စွဲညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီနေ့ မတ် ၁၁ ရက် မနက်ပိုင်းမှာ မြောက်နုံးကျေးရွာဘက်ကို ထွက်ခွာလာစဉ် PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ အပါအဝင် တဖက်နဲ့တဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ နတ္ထောင့်အရှေ့ရွာဘက်ကို ဆက်လက် ထွက်ခွာလာခဲ့ပြီး နေ့လယ် ၂ နာရီလောက် နတ္ထောင့်အရှေ့ရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြား တနေရာမှာလည်း PDF အဖွဲ့တွေရဲ့ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ကျဆုံးထိခိုက်မှု ရှိခဲ့ပြီး အရေအတွက် အတိအကျ မသိရသေးဘဲ PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ PDF အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မြောက်နုံးရွာနဲ့ နတ်တ္တောင့်ရွာအရှေ့ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့်  Hero Tiger အဖွဲ့ Special 7 Attack Force က ရဲဘော်မင်းခန့် မတ် ၁၁ ရက် မနက် ၁၁ နာရီ ၂၃ မိနစ်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းရေးပုံစံနဲ့ မတ်လအတွင်း နေ့စဉ်ရက်စက် လှည့်လည်သွားလာနေကြတဲ့အတွက် မြောက်နုံးရွာ၊ နတ်တ္ထောင့်အရှေ့ရွာ၊ နတ်တ္ထောင့်အနောက်ရွာ၊ နုံးကြီးရွာ၊ ရုံးလေးပင်ရွာ၊ ပေါက်ပန်းဖြူရွာ၊ ဆေးကျွန်းရွာ၊ ချောင်းဆုံရွာ စတဲ့ ကျေးရွာပေါင်း ၈ ရွာက ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up