ပခုက္ကူမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့ မြန်မာစီးပွားရေးဘဏ်မှာ မတ် ၁၀ ရက် မနက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ PKU မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
ပခုက္ကူမြို့ မြန်မာ့စီပွားရေးဘဏ်ကို မတ် ၁၀ ရက် မနက် ၁၁ နာရီလောက်မှာ PKU မြို့ပြ ပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ဘဏ်ကိုလုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ PKU မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။
“မြန်မာ့စီပွားရေးဘဏ်ထဲကို ကျနော်တို့ PKUမြို့ပြပြောက်ကျားတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်သွင်းပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၄ ယောက်ထိခိုက်ဒဏ်ရာရရှိသွားတာ”။
အဲဒီတိုက်ပွဲအတွင်း မိဘပြည်သူတွေပို့သတဲ့ မေတ္တာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ပခုက္ကူခရိုင် ပေါက်မြို့နယ်က ကျေးရွာတစ်ရွာမှာလည်း မတ် ၉ ရက်က PKU မြို့ပြပြောက်ကျား တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ရွာကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၃ ယောက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။