မူဆယ်တွင် ကားအရောင်းအဝယ်လုပ်သည့် အမျိုးသမီး ၁ ဦးကို အမျိုးသား ၂ ဦးက သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့မှာ ကားအရောင်းအဝယ်လုပ်နေတဲ့ အမျိုးသမီးငယ် ၁ ဦးကို အမျိုးသား ၂ ဦးက ကားဝယ်မယ်လိုက်ပြဟုဆိုကာ မျှားခေါ်သွားပြီး သတ်ဖြတ် အလောင်းကို သု သာန်မှာ ပစ်ထားခဲ့တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။
ကားအရောင်းအဝယ်လုပ်နေတဲ့ မူဆယ်မြို့ လေယာဉ်ကွင်းလမ်းနေ အသက် ၂၁ နှစ်အရွယ် မအားလိန် (အမည်လွှဲ) ဟာ ပြီးခဲ့တဲ့ ၁၂ ရက်ဉ ၆ နာရီလောက်မှာ လူ ၂ ယောက်က ကားဝယ်ချင်တယ် လိုက်ပြပါဆိုလို့ လိုက်သွားကြောင်း၊ အဲဒီညက ပြန်မလာဘဲ နောက်တနေ့ သင်္ချိုင်းကုန်းမှာ အလောင်းအဖြစ်နဲ့ ပြန်တွေ့ရတာလို့ အမှုမှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီ ပေးနေတဲ့ ခိုလုံလီရှော အမျိုးသမီးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီညနေက လူ နှစ် ယောက်က ကားဝယ်ချင်တယ် လိုက်ပြပါလို့ပြောတယ်။ တ ယောက်က သူ့ကို တဖက်သတ်ကြိုက်ပြီး လိုက်ပိုးနေတာ၊ သူကလည်း တစိမ်းမဟုတ်ဘဲ သူငယ်ချင်းလို ဆက်ဆံနေတော့ သူ့ကားနဲ့ လိုက်သွားတာပေါ့နော်။ အဲဒီညက ပြန်မလာဘူး၊ အိမ်သားတွေက သူငယ်ချင်းဆီမှာ အိပ်လိုက်တယ်ပဲထင်နေတာ။ မနေ့ မနက် ၇ နာရီနဲ့ ၈ နာရီကြားမှာတော့ သူ့အလောင်းကို ခရစ်ယာန်သင်္ချိုင်းမှာ သွားပစ်ထားတယ်ဆိုပြီး အသိတွေကပြောလာတယ်။ အဲဒါ သွားကြည့်ကြတော့ ပါးစပ်နဲ့နှာခေါင်းကို စယ်လိုတိပ်နဲ့ပိတ်ထားတယ်။ အတွင်းခံ ဘော်လီနဲ့ ဘောင်းဘီလည်း မရှိတော့ဘူး။ သူ့အင်္ဂါလည်းယောင်နေတယ်။ မုဒိမ်းကျင့်ခံရတယ်လို့ ကျမတို့ ယူဆပါတယ်။ ရဲကတော့ ဆရာဝန်ဆေးစစ်ချက်ထွက်လာမှ ပြောလို့ ရမယ်လို့ ပြောတယ်။”
လူသတ်မှုကျူးလွန်သူတွေ ဖမ်းဆီးရမိရေးအတွက် စစ်ကောင်စီလက်အောက်ခံ မူဆယ်ခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရာမှာ သူ့ကိုလာခေါ်သွားတဲ့ အသက် ၂၀ အရွယ် အမျိုးသား ၂ ယောက်ကို မနေ့ညနေ ၃ နာရီလောက် မင်္ဂလာမူဆယ်ဈေးအနီး စွမ်စော်ရပ်ကွက် ၃ လမ်းထဲက အိမ်တအိမ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေအိမ်ကနေ ကောင်မလေးရဲ့ကားသော့ကို တွေ့ရတာကြောင့် သူဟာ အဆိုပါအိမ်မှာ ကျူးလွန်ခံရပြီး သေဆုံးမှ သင်္ချိုင်းကုန်းမှာ သွားပစ်ထားတယ်လို့ ယူဆရကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ အိမ်သားတွေက မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။