ယင်းမာပင်တွင် စစ်တပ်က ဒေသခံတဦးအားပစ်သတ်၊ နေအိမ်များကိုဖျက်ဆီးပြီး ငွေသိန်း ၃၀ ယူဆောင်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအတွင်းရှိ နေအိမ် ၅ အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေဖျက်ဆီးကာ ပိုက်ဆံသိန်း ၃၀ နဲ့တန်ဖိုးကြီး ပစ္စည်းတွေ ယူသွားပြီး ဘန့်ဘွေးလက်ပန်ကျေးရွာက အမျိုးသားတစ်ယောက်ကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
မတ် ၁၄ ရက်ညက ဘန့်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) ကနေ စစ်ကူကား ၄ စီးနဲ့ ကွေ့ချောင်းရွာမှာ ညအိပ်ပြီး နောက်နေ့မှာ ကျေးရွာတွေကို ဝင်ရောက်ခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနက်ကျတော့ ၅ မိုင် ဂိတ်ကနေ ဘန့်ဘွေးလက်ပန်ကို ဖြတ်ပြီး ထန်းဇင်ကျေးရွာ အရှေ့တောဘက်ကို ပတ်ထွက်လာတာ။ ပြည်သူတွေက စစ်တပ်က လာပြီကြားရင် ထွက်ပြေးရကြတာ၊ မပြေးရင် ဒီကောင်တွေက ဖမ်းပြီး ဓားစာခံလုပ်တယ်။ ဓားစာခံ မလုပ်ရင်လည်း သတ်ခဲ့တာ။”
အသတ်ခံလိုက်ရတဲ့ ဘန့်ဘွေးလက်ပန်ကျေးရွာက အမျိုးသားဟာ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီ သတင်းကြားလို့ ထွက်ပြေးရာကနေ မလွတ်မြောက်ပဲ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေဟာ PDF အသွင် ဝတ်စုံတွေနဲ့ အမည်းရောင်အင်္ကျီတွေဝတ်ကာ ရွာထဲကိုဝင်လာတာကြောင့် ကြောက်ပြီးထွက်ပြေးခဲ့ကြတဲ့ ပြည်သူတွေထဲက တစ်ဦး ပစ်ခတ်ခံရပြီး ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။