မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မတ် ၁၅ ရက်ဒီနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်က အနောက်ပိုင်း ကျပ်ပြင်ရဲစခန်း လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စခန်းထဲအရင်ပစ်ခံရတယ်၊ စခန်းထဲကနေလည်း ပြန်ပစ်တယ်။ သေနတ်ပစ်သံ ၁၀ ချက်ကျော်လောက်ကြားရတယ်။ အပြန်အလှန်ပစ်ကြတယ်။ ခဏကြာတော့ လူနာတင်ကား ဝင်သွားတာလည်း တွေ့တယ်” လို့ အနီးအနားနေ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
"အရင်ရက်တွေကလည်း မြို့ထဲမှာ ပစ်သံတွေကြားရတယ်၊ ဘယ်ဘက်ကပစ်တာလဲဆိုတာတော့ မသိရဘူး။ ဒီမနက်က စခန်းထဲ ပစ်ခံလိုက်ရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက Denko ဓာတ်ဆီဆိုင်မှာလည်း မတ် ၁၅ ရက်မနက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
Denko ဓာတ်ဆီဆိုင်က အိမ်သာခန်းထဲမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အိမ်သာခန်းပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။