close

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းတွင် ဝေဖန်ခံနေရသည့် မက်ဂွိုင်းယားကို ရွေးချယ်

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ဟာ နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအတွက် အသင်း ၂၅ ဦး လူစာရင်းကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ ခံစစ်မှူး မက်ဂွိုင်းယားကို ဆက်လက်ရွေးချယ်ခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ မန်ယူအသင်းခံစစ်မှာ အမှားအယွင်း များနေတာကြောင့် ဝေဖန်ခံနေရပြီး လက်ရွေးစင်အသင်းမှာ မရွေးချယ်သင့်ကြောင်း သုံးသပ်မှုတွေ ရှိနေတာပါ။
နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အသင်းရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူတဦးဖြစ်ပြီး သူ့ကို အသင်းကနေ မရွေးချယ်ဘဲ ချန်လှပ်ဖို့ မစဉ်းစားခဲ့ဖူးဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
မက်ဂွိုင်းယားကို ရွေးချယ်မှုအတွက် အမြဲတမ်း ဝေဖန်ခံရပေမယ့် သူ့ကို မရွေးချယ်ဖို့ လုံလောက်တဲ့ပြစ်ချက် မရှိကြောင်းလည်း နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။
နည်းပြ ဆောက်ဂိတ်ဟာ ဗဟိုခံစစ်မှူးနေရာအတွက် မက်ဂွိုင်းယားကို ရွေးချယ်ခဲ့သလို ခရစ္စတယ်ပဲလေ့ နောက်ခံလူ ဂူဟီနဲ့ အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်တို့ကိုလည်း ရွေးချယ်ခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ မက်ဂွိုင်းယားဟာ အင်္ဂလန်အတွက် ၄၁ ပွဲ ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ စတုတ္ထနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း ဒုတိယရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up