နာမည်ကြီး ဘာစီလိုနာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် တက်

ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ရာ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ နာမည်ကြီး ဘာစီလိုနာအသင်းဟာ အဝေးကွင်းမှာ ဂါလာတာစာရေးကို အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
ပထမအကျော့ ဘာစီလိုနာ အိမ်ကွင်းမှာ ဂိုးမရှိသရေရလဒ် ထွက်ခဲ့လို့ အဝေးကွင်းမှာ အနိုင်ရဖို့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် အိမ်ရှင်ရဲ့ အဖွင့်ဂိုးသွင်းတာ ခံရပြီး နောက်က လိုက်ကစားခဲ့ရတာပါ။
ပွဲချိန် ၂၈ မိနစ်မှာ ဂါလာတာစာရေးအသင်း အဖွင့်ဂိုးရခဲ့ပေမယ့် ဘာစီလိုနာအတွက် ၃၇ မိနစ်မှာ ပတ်ဒရီက ချေပဂိုးသွင်းပြီး ၄၉ မိနစ်မှာ တိုက်စစ်မှူး အူဘာမီယန်းက အနိုင်ဂိုး သွင်းယူသွားခဲ့တာပါ။
မနေ့ညက ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားအပြီးမှာတော့ ဘာစီလိုနာအသင်းနဲ့အတူ ဝက်စ်ဟမ်း၊ လိုင်ယွန်၊ ရိန်းဂျားစ်၊ စပို့တင်းဘရာဂါ၊ အတ္တလန္တာ၊ ဖရန့်ဖတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
လိုက်ပ်ဇစ်အသင်းဟာ ရုရှားကလပ် စပါးတပ်မော်စကိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် စပါးတပ်မော်စကိုကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက်တာကြောင့် လိုက်ပ်ဇစ်အသင်း အလိုအလျောက် ကွာတားဖိုင်နယ် တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ် ပြိုင်ပွဲတွေရဲ့ ကွာတားဖိုင်နယ် မဲခွဲပွဲကို ဒီနေ့ညနေ ပြုလုပ်မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ကွာတားအဆင့်ကိုတော့ အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူး၊ မန်စီးတီးနဲ့ ချဲလ်ဆီး၊ စပိန်က ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ဗီလာရီးရဲလ်၊ ဂျာမန် ဘွန်ဒက်စ်လီဂါက ဘိုင်ယန်မြူးနစ်၊ ပေါ်တူဂီကလပ် ဘင်ဖီကာတို့ တက်ရောက်ထားပါတယ်။
ကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ကို လက်စတာ၊ မာဆေးလ်၊ ပီအက်စ်ဗွီ၊ ဘိုဒယ်ဂလင့်၊ ရိုးမား၊ ပီအေအိုကေ၊ ဆလားဗီးယားပရပ်ဂ်နဲ့ ဖီယင်နုတို့ အသီးသီး တက်ရောက်ထားပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီ ၅ ရက်နဲ့ ၆ ရက်တွေမှာ ကျင်းပမှာဖြစ်ပြီး ကျန်ပြိုင်ပွဲနှစ်ခုရဲ့ ကွာတားပွဲစဉ်တွေကိုတော့ ဧပြီ ၇ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။