နိုင်ငံ့ခေါင်းဆောင်များအပေါ်စွဲထားသည့် ရွေးကောက်ပွဲအမှု တရားလိုပြသက်သေ ဆက်လက်စစ်ဆေး

စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး မတ်လ ၁၈ ရက် ဒီနေ့ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ်မှာ မလျော်သြဇာ လွှမ်းမိုးခဲ့တယ်ဆိုပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတဦးဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ဦးဇော်သန်းသင်းကို အပြန်အလှန် စစ်မေးခဲ့ပြီး စစ်ဆေးမှု ပြီးပြတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒီအမှုမှာ လိုပြသက်သေ အယောက် ၂၀ ရှိပြီး လက်ရှိအချိန်ထိ ဦးတိုက်လျှောက်ထားသူနဲ့ လိုပြသက်သေ ၂ ယောက် စုစုပေါင်း ၃ ယောက်ကိုပဲ စစ်ဆေးပြီးစီးသေးတယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ဧပြီ ၁၈ ရက်နေ့ အပြီးစစ်ဖို့နဲ့ ဧပြီ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက်တင်ပြီး မေလ ၂ ရက်နေ့မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို အန်အယ်လ်ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။