ယူကရိန်းအတွက် အမေရိကန်ပေးပို့သည့် Switchblades ဒရုန်းအကြောင်း တစေ့တစောင်း








မတ် ၁၆ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကြေညာခဲ့တဲ့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်အစိုးရရဲ့ စစ်လက်နက်အကူအညီထဲမှာ လူအများ စိတ်ဝင်စားနေကြတဲ့ လက်နက်အသစ်ကတော့ “tactical unmanned aerial systems” လို့ ခေါ်တဲ့ Switchblade ဒရုန်း အစင်း ၁၀၀ ဖြစ်ပါတယ်။
All in One - စွယ်စုံရ Switchblades ဒရုန်းဟာ အလွယ်တကူသယ်ဆောင်သွားနိုင်၊ ပစ်လွှတ်နိုင်၊ ပစ်မှတ်ရှိရာနေရာကို သူ့ဘာသာပျံဝဲသွားနိုင်၊ လေထဲမှာဝဲပျံစောင့်နေနိုင်တဲ့အပြင် ပစ်မှတ်ဆီ ပျံသန်းတိုးဝင်တိုက်ခိုက်ဖျက်စီးပစ်နိုင်တဲ့ ဒုံးကျည်ထိပ်ဖူးပါဝင်နေတဲ့ ကာမီကာဇေ (kamikaze) အသေခံ ဒုံးကျည်လက်နက်လည်း ဖြစ်ပါတယ်။
အမေရိကန်အရာရှိတွေက အသေးစိတ်ထုတ်မပြောထားပေမယ့် AeroVironment ကုမ္ပဏီရဲ့အဆိုအရ Switchblades 300, 600 မျိုးရှိပါတယ်။ အသေးစားကတော့ အလေးချိန် ၅ ပေါင်ခွဲ အလျား ၂ ပေ၊ ၆ မိုင်အဝေးထိ ၁၅ မိနစ်ပျံသန်းနိုင်ပြီး Switchblade 600 ကတော့ မိုင် ၄၀ အထိ ပျံသန်းချိန် မိနစ်လေးဆယ်နဲ့ အလေးချိန် ပေါင်၅၀ ရှိပါတယ်။
ဒီလက်နက်ကို လောင်ချာပစ်လွှတ်ဖို့ ပြင်ဆင်ချိန် ၁၀ မိနစ်ပဲ ကြာမြင့်နိုင်တဲ့အပြင် မျက်စိနဲ့ တိုက်ရိုက်မမြင်ရတဲ့ ပစ်မှတ်တွေကို ချိန်ရွယ်နိုင်ပါတယ်။ ပစ်မှတ်အသေးစားတွေကို တိုက်ခိုက်နိုင်တဲ့ 300 နဲ့ တင့်ကားအရွယ်ထိ တိုက်ခိုက်နိုင်တဲ့ 600 ဆိုတဲ့ နှစ်မျိုးစလုံးမှာ ပျံသန်းရေးလမ်းညွှန် အာရုံခံစနစ် Sensors နဲ့ GPS တွေပါဝင်ပါတယ်။
ဒါ့အပြင် ပစ်မှတ်နားမှာ အရပ်သားတွေရှိခဲ့ရင် ပစ်မှတ်က ရှောင်တိမ်းသွားခဲ့ရင် မောင်းနှင်သူက လမ်းကြောင်းထိန်းချုပ် ပြင်ဆင်နိုင်ပြီး လေထဲမှာပျံဝဲရင်း စောင့်ကြည့်နေနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို Loitering Missile အချိန်ဆွဲနိုင်၊ စောင့်ဆိုင်းနိုင်တဲ့ ဒုံးကျည်လို့လည်း ခေါ်ပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်စစ်သင်္ဘောတွေ အကြီးအကျယ် ထိတ်လန့်ခဲ့ရတဲ့ အသေခံ ဂျပန်တိုက်လေယာဉ်ကို အစွဲပြုအမည်တွင်တဲ့ ကာမီကာဇေ အမည်ရ တခါသုံး ဒုံးလိမ္မာယာဉ်ပျံဖြစ်ပေမယ့် "Predator" or "Reaper" drones အကြီးစားတွေလို ဒေါ်လာသိန်းချီမကုန်ဘဲ Switchblades 300 ဟာ ဒေါ်လာ ၆၀၀၀ လောက်ပဲ ကုန်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
စစ်လက်နက်ကျွမ်းကျင်သူတချို့ကတော့ Switchblades ဒရုန်းဟာ Gamechanger စစ်ရေးအနေအထား အပြောင်းအလဲ ဖြစ်သွားစေနိုင်မယ့် လက်နက်လို့ သုံးသပ်နေကြတာတွေရှိပေမယ့် ရုရှားစစ်တပ်ဘက်က ဘယ်လိုတုံ့ပြန်လာနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Screenshots image credit: aerovironment Inc