ရော်နယ်ဒိုအနေဖြင့် လာမယ့်ရာသီ ပွဲတိုင်းကစားရန် မဖြစ်နိုင်ကြောင်း ဂယ်ရီနဗီးလ်သုံးသပ်

မန်ယူတိုက်စစ်မှူးရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီမှာ ပွဲတိုင်းကစားဖို့ မဖြစ်နိုင်ကြောင်း အသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
ရော်နယ်ဒိုဟာ လာမယ့်နှစ်မှာ အသက် ၃၈ နှစ် ရှိလာမှာဖြစ်ပြီး အသက်အရွယ်အရ ကစားပုံပြောင်းလဲသွားဖို့ လိုအပ်သလို ပွဲတိုင်းကို ပွဲထွက်ကစားဖို့လည်း ဖြစ်နိုင်မှာမဟုတ်ကြောင်း နဗီးလ်က သုံးသပ်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်ကမှ ဘောလုံးသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ၈၀၇ ဂိုးသွင်းပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
“ရော်နယ်ဒိုရဲ့အခြေအနေက နည်းပြသစ်ရဲ့အသုံးချပုံနဲ့လည်း သက်ဆိုင်သွားလိမ့်မယ်။ ရော်နယ်ဒိုက အပတ်စဉ်တိုင်း ပွဲထွက်ကစားချင်မှာဖြစ်ပြီး ဒါက ကိစ္စတခုဖြစ်လာနိုင်တယ်။ မန်နေဂျာဘက်ကတော့ ငယ်ရွယ်တဲ့ တိုက်စစ်ကစားသမားတွေကို ဘောလုံးလိုက်လုခိုင်းပြီး အင်ပြည့်အားပြည့်နဲ့ ပွဲထွက်ချင်လိမ့်မယ်။ ရော်နယ်ဒိုအနေနဲ့ အဲဒီအပေါ် လက်ခံသွားရမှာဖြစ်ပြီး သူမကစားရတဲ့ပွဲတွေ ရှိလာနိုင်တယ်။ ဒါက ကြီးမားတဲ့ကိစ္စတခုတော့ ဖြစ်လာနိုင်တယ်” လို့ ဂယ်ရီ နဗီးလ်က ပြောပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်မှာတော့ ဂိုးသမားတွေဖြစ်ကြတဲ့ ကာဘယ်လီယို၊ ဘင်ဖော်စတာနဲ့ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားတို့ပြီးရင် စီရော်နယ်ဒိုက စတုတ္ထအသက်အကြီးဆုံး ကစားသမားဖြစ်ပါတယ်။