ကော့ကရိတ်မြို့အနီး KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက် ၄ မိုင်လောက်အကွာရှိ အံဖလေးရွာနဲ့ အံဖကြီးရွာတွေဘက်မှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၀ ရက်မှ ဒီကနေ့ မတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကော့ကရိတ်မြို့တောင်ဘက်မှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၃ ခုနဲ့ ကျူးကျော်ဝင်ရောက် လာပြီး စစ်ကြောင်းထိုးစစ်လာတာတာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတိုင်း ကျေးရွာတွေမှာရှဲ့ ရွာသားတချို့ကို ရိုက်နှက် ထိုးကြိတ်တာ နှစ်ဘက်တိုက်ပွဲဖြစ်လာရင် ရွာသားတွေကို လူသား ဒိုင်းကာအဖြစ် အသုံးပြုလေ့ရှိတာ ကြောင့် KNLA တပ်ဖွဲ့တွေက ရွာတွင်းတိုက်ပွဲတွေကိုရှောင်ပြီး ရွာအပြင် ဒါမှမဟုတ် တောတွင်းနေရရာတွေမှာ တိုက်ပွဲဖြစ်ပွားတာလို့ တိုက်ပွဲဝင် KNLA စစ်ဗိုလ်တစ်ဦးက ပြောပါတယ်။
မတ်လ ၁၄ ရက်ကလည်း ကော့ကရိတ်မြို့အခြေစိုက် အမှတ် ၉၇ တပ်ရင်းလုံခြုံရေးယူထားတဲ့ နေပူကုန်းလို့ခေါ်တဲ့ လက်နက်ကြီးပစ်ကူပေးနေတဲ့နေရာကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ KNLA ပူးပေါင်းတပ်ဘက်မှ ကျဆုံးတာရှိသလို စစ်ကောင်စီဘက်ကလည်း ကျဆုံးတာရှိပေမဲ့ အရေအတွက် ဘယ်လောက်လည်းဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။ မတ်လ ၁၄ ရက်က လက်နက်ကြီးကုန်းသိမ်းပိုက်တဲ့ ညမှာတော့ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။