ရေးမြို့နယ်က ပရဟိတခေါင်းဆောင် ၁ ဦး စစ်ကြောရေးတွင်ကျဆုံး

မွန်ပြည်နယ်၊ ရေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ ပရဟိတစေတနာ့ဝန်ထမ်း ကိုအောင်ခန့်ဟိန်း စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက အတည်ပြု ပြောပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ သေနတ်ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံရပြီး ၂ ရက်အကြာ စစ်ကြောရေးမှာ ကျဆုံးသွားတာဖြစ်ပါတယ်။
မတ်လ ၁၈ ရက်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ဝယ်ပေါင်ကျေးရွာမှာ စစ်ကောင်စီက PDF တွေကို ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့စဉ် PDF ရဲဘော် တယောက်နဲ့ အရပ်သားတယောက် ကျဆုံးပြီး ကိုအောင်ခန့်ဟိန်းနဲ့အတူ တခြားအရပ်သားတယောက်တော့ ကားပြင်တဲ့နေရာမှာ ဖမ်းဆီးခံရတာပါ။
သေနတ်ဒဏ်ရာနဲ့ ဖမ်းဆီးခံရတဲ့ ကိုအောင်ခန့်ဟိန်းမှာ ဆေးကုသခွင့်မရရှိဘဲ ဖမ်းဆီးခံရပြီး ၂ ရက်အကြာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ သူနဲ့ ပရဟိတလုပ်ဖေါ်ကိုင်ဖက်တွေက ပြောပါတယ်။
ကိုအောင်ခန့်ဟိန်းဟာ မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်ပြီး လူမှုရေး ကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်ကူညီခဲ့သူဖြစ်လို့ သူသေဆုံးခဲ့ရတာဟာ မြို့အတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေးမြို့ခံတဦးက “နွမ်းပါးချို့တဲ့စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို စာရေးကရိယာတွေ ဝေမျှတာတွေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသအရပ်က မွန်ပညာရေးကျောင်းတွေမှာ ကျောင်းဆောက်တာ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အရပ် ဒေသတွေမှာ လိုအပ်ချက်တွေ ဦးဆောင်ပြီး တက်ကြွကူညီခဲ့သူပါ။ အခုလိုသေဆုံးတာ ကြားရတော့ မြို့နယ်အတွက် နစ်နာဆုံးရှုံးသလို ခံစားရတယ်” လို့ပြောပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံ ပြန်ပို့ပေးတာမရှိသလို၊ သူ့မိသားစုနေအိမ်ပါ ချိတ်ပိတ်ခံထားရပါတယ်။ ဒါ့အပြင် သူ့နဲ့ ဆက်စပ်တဲ့ သူတွေလည်း ထပ်မံ ဖမ်းဆီးခံနေရပြီး အဖမ်းခံထားရတဲ့သူတွေထဲမှာ NLD ပါတီ အမာခံတွေ လည်း ပါဝင်ပါတယ်။
ကိုအောင်ခန့်ဟိန်း ဟာ PDF တွေအတွက် ဝင်ငွေရရှိအောင် အဓိကအားပေးကူညီထောက်ပံ့နေသူလို့ စွပ်စွဲထားခံရပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းလည်း ထုတ်ထားခံရပါတယ်။