မုန်တိုင်းကြောင့် ဧရာဝတီတိုင်းက စာသင်ကျောင်းအားလုံး ပြန်ပိတ်

မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်လာတဲ့ မုန်တိုင်းကြောင့် စာမေးပွဲဖြေဆိုနေတဲ့ ဧရာဝတီတိုင်းက စာသင်ကျောင်းတွေကို မတ်လ ၂၂ ရက်နေ့ကစတင်ပြီး ပိတ်လိုက်တယ်လို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။
လက်ရှိ အလယ်တန်းအဆင့်နဲ့ နဝမတန်းစာမေးပွဲတွေ ဖြေဆိုနေတာဖြစ်ပြီး စာမေးပွဲပြီးဖို့ ၂ ရက်အလိုမှာ ကျောင်းတွေကို ပြန်ပိတ်လိုက်တာလို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။
“ ဒီနေ့ တရားဝင်ကြေညာတာ မြို့နယ်အုပ်ချုပ်ရေးကောင်စီကလည်း တင်ထားပါတယ်။ အဓိက မုန်တိုင်းကြောင့် ပိတ်တာပါ။ ယာယီပိတ်တယ်လို့တော့ ကြေညာထားတယ်”လို့ ဆရာမတဦးက ပြောပါတယ်။
မတ်လ ၂၂ ရက်က စတင်ကာ စာသင်ကျောင်းတွေကို ယာယီပိတ်ထားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အတည်ကျမဖော်ပြထားဘူးလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဒီကနေ့ နေ့လယ်ပိုင်းမှာ ကမ်းခြေဒေသကို ရောက်ရှိ နေတဲ့ ဧည့်သည်တွေကို ပြန်လွှတ်ခဲ့ပြီး ကမ်းခြေတွေကိုလည်း ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။