close

စစ်တပ်ပစ်ခတ်မှုကြောင့် ထန်းဘဲလှရွာက စစ်ရှောင်ကလေး ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မတ် ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၊ ထန်းဘဲလှကျေးရွာက စစ်ဘေးရှောင် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဦးမြို့နယ် ချောင်းဆုံကျေးရွာကနေ ထန်းဘဲလှကျေးရွာကို အင်အား ၁၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ထန်းဘဲလှကျေးရွာခံတဦးက “သူတို့လာတယ်လို့ သတင်းကြားရတာနဲ့ ရွာရှိလူကုန် အကုန် ရွာအပြင် ထွက်ပြေးပုန်းနေကြတယ်။ ကံဆိုးချင်တော့ဗျာ မင်းအောင်လှိုင် စစ်(-) တွေက ရွာထဲကို မဝင်ဘဲနဲ့ ရွာဘေးက သူတို့ကိုကြောက်လို့ ပုန်းနေတဲ့ ကျနော်တို့ရွာသားတွေရှိရာ စစ်ကြောင်းထိုးလာခဲ့တယ်။ သူတို့လည်း ရုတ်တရက်ကြီး ဝင်လာတယ်။ ကိုယ်တွေလည်း ရုတ်တရက် ထွက်ပြေးရတယ်ဗျ။ ဒီကောင်တွေ ကျနော်တို့ ပြေးတာကို မြင်ပြီး လက်နက်ကြီးနဲ့ လှမ်းထုတယ်။ ရွာက အသက် ၈ နှစ်ပဲရှိသေးတဲ့ မောင်ညီယံထွန်း သေဆုံးခဲ့ရတယ်။ နောက်ထပ် ရွာသား ၄ ဦးလည်း ဒဏ်ရာရတာတွေ ရှိတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ထန်းဘဲလှကျေးရွာက စစ်ရှောင်ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့ပြီး ညနေပိုင်း ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြန်လွတ်လာသူအားလုံးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရတာကြောင့် လက်ရှိအချိန်မှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up