ရုရှားတင့်ကားများကို ဖျက်ဆီးရာတွင် နာမည်ကြီးနေသည့် NLAWs နှင့် Javelin ပခုံးထမ်းလောင်ချာ

ယူကရိန်းပြည်သူတွေ တင်ပြထားတဲ့ Twitter၊ Telegram၊ Tiktok ဗီဒီယိုတွေမှာ ယူကရိန်းစစ်သည်တွေ လွယ်ပြီးသယ်ဆောင်ထားတဲ့ အစိမ်းရောင် ဘူးရှည်ကြီးတခုကို မကြာမကြာ မြင်တွေ့နေကြရမှာပါ။
ရန်သူ ရုရှားတင့်ကားကို ချုံခိုတိုက်ခိုက်ဖို့ ဘူးရှည်ထဲက လောင်ချာကိုထုတ်ပြီး ပခုံးမှာမှာထမ်း ချိန်ရွယ်ကြပါတယ်။ ၁၅ စက္ကန့်လောက်အချိန်အတွင်း ပြင်ဆင်ပစ်လွှတ်လိုက်တဲ့ ဒုံးလောင်ချာဟာ ရုရှားတင့်ကားကို ထိမှန်ပြီးပျက်စီး ရပ်ဆိုင်းသွားစေပါတယ်။
မိုင်ပေါင်း ၄၀ လောက် ရှည်တယ်ဆိုတဲ့ တန်းစီချီတက်လာတဲ့ ရုရှားတင့်ကားတွေဟာ ယူကရိန်းစစ်သည်တွေရဲ့ ပခုံးထမ်းလောင်ချာတွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲခံနေခဲ့ရပြီး ၂ ရက်လောက်အတွင်း ရုရှားလက်အောက် ကျနိုင်တယ်လို့ စစ်ပညာရှင်တွေ ခန့်မှန်းခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားတပ်မတော်ကြီးကို ၃ ပတ်ကျော်အောင် အပြင်းအထန် ခုခံနိုင်နေတာကို မြင်တွေ့နေကြရပါတယ်။
အဲဒီအစိမ်းရောင် ပခုံးထမ်းဒုံးလောင်ချာဟာ (Next Generation Light Anti-tank Weapon) NLAWs လို့ခေါ်တဲ့ မျိုးဆက်သစ် တာတိုပစ် တင့်ကားဖျက်ဒုံးဖြစ်ပြီး SAAB လို့ခေါ်တဲ့ ဆွီဒင်ကုမ္ပဏီတခုက ထုတ်လုပ်ထားတာပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး NATO မဟာမိတ်နိုင်ငံတွေကို ရောင်းချထားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကနေ ၄၀,၀၀၀ လောက်ထိ တန်ဖိုးရှိပြီး ဒေါ်လာ ၄ သန်းလောက်ထိ တန်ဖိုးရှိတဲ့ ရုရှားတင့်ကားတွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်နေတာကို ယူကရိန်းစစ်ပွဲအတွင်းမှာ တွေ့ခဲ့ကြရပါတယ်။
တမီတာအရှည်ရှိတဲ့ NLAWs ဒုံးလောင်ချာဟာ အလေးချိန် ၁၂ ကီလိုဂရမ်လောက်ပဲရှိပြီး မီတာ ၈၀၀ လောက်က ပစ်မှတ်ကို တိုက်ခိုက်နိုင်ပါတယ်။ ဒီလက်နက်မှာ သံလိုက်ဓာတ်နဲ့ အမြင်အာရုံခံစနစ်ပါရှိပြီး တင့်ကားတွေအများကြီးထဲကမှ မီတာ ၁၀၀ ၂၀၀ က ပစ်မှတ်ကို ရွေးချယ်သတ်မှတ်နိုင်ပါတယ်။
မီတာ ၄၀ဝ ကို ၂ စက္ကန့်အတွင်း မီတာ ၆၀၀ ကို ၁၀ စက္ကန့်အတွင်း အရောက်ပျံသန်းပြီး တင့်ကားရဲ့ အားနည်းချက် အပေါ်ဘက်ခြမ်းကို ထိမှန်ပေါက်ကွဲတာဖြစ်ပါတယ်။ သံချပ်ကာယာဉ်တွေ တင့်ကားအပြင် ရဟတ်ယာဉ်တွေကိုလည်း ပစ်ချနိုင်ပါတယ်။ ယူကရိန်းစစ်သည်တွေ သုံးစွဲနေတဲ့ NLAWs ဒုံးလောင်ချာတွေကို ဗြိတိန်နိုင်ငံက အစင်း ၄၀၀၀ ကျော် ပေးပို့ထားပြီး ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်တို့ကလည်း စုစုပေါင်း သောင်းဂဏန်းနီးပါး ပေးပို့ထားကြပါတယ်။

ယူကရိန်းစစ်ပွဲမှာ နောက်ထပ် အသုံးတွင်နေတဲ့ ပခုံးထမ်း တင့်ကားဖျက်ဒုံးကတော့ Javelin (လှံတံလက်နက်) လို့ အမည်ရပြီး အမေရိကန်ကုမဏီ Lockheed Martin က အမေရိကန်စစ်တပ်အတွက် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်ကတည်းက ထုတ်လုပ်ပေးထားပါတယ်။ အမေရိကန်အစိုးရကနေ ယူကရိန်းကို Javelin ဒုံးလောင်ချာ ၄၆၀၀ လောက်ကို စစ်ပွဲမစခင်ကတည်းကစတင် ပေးပို့ထားခဲ့ပါတယ်။


တမီတာလောက်ပဲရှည်တဲ့ သယ်ကူလွယ် Javelin ဟာ အလေးချိန် ၈ ကီလိုဂရမ်လောက်ပဲရှိပြီး မီတာ ၂၅၀၀ (ပေ ၈၀၀၀ ကျော်)က ပစ်မှတ်ကို တိုက်ခိုက်နိုင်ပါတယ်။ ယူနစ်တခုချင်းရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၇၀,၀၀၀ ကျော်ရှိပြီး NLAWs ထက် စျေးမြင့်ပေမဲ့ သူက ပိုဝေးဝေးပျံသန်းနိုင်ကာ တင့်ကားရဲ့အပေါ်တည့်တည့်ရောက်မှာ အောက်ဘက်ကို စိုက်ဆင်းတိုက်ခိုက်တာပါ။
ဒုံးလက်နက်မှာ အပူအာရုံခံစနစ်နဲ့ ကင်မရာပါဝင်ပြီး ၂ မိုင်ခွဲအကွာက ပစ်မှတ်ကိုတိတိကျကျ ထိမှန်နိုင်ပါတယ်။ Javelin က NLAWs ထက်အနိမ့်ပျံသန်းပြီး ပစ်မှတ်ထိမှန်မှု ပိုတိကျပါတယ်။ ဒီလက်နက်ကို သံချပ်ကာယာဉ်တွေမှာလည်း တပ်ဆင်ပစ်လွှတ်နိုင်ပြီး အနိမ့်ပျံ ရဟတ်ယာဉ်တွေ ကိုလည်း တိုက်ခိုက်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၃ ပတ်ကျော် စစ်ပွဲကာလအတွင်း NLAWs နဲ့ Javelin ဒုံးလောင်ချာတွေ အသုံးပြုတဲ့ ယူကရိန်းရဲ့ခုခံစစ်မှာ ရုရှားသံချပ်ကာယာဉ် ၁၄၈၇ စီးနဲ့ တင့်ကား ၄၇၆ စီးလောက်ဖျက်စီးနိုင်ခဲ့ပြီး ရုရှားဘက်ကတော့ သူတို့ရဲ့ တင့်ကားတွေမှာ NLAWs နဲ့ Javelin ဒုံးတွေ ပျံသန်းလာတာကို အာရုံခံနိုင်တဲ့စနစ်ပါရှိတယ်လို့ တုံ့ပြန်ပါတယ်။
အခုနောက်ပိုင်း ရုရှားတင့်ကားတွေမှာ သူတို့ရဲ့အားနည်းချက်နေရာဖြစ်တဲ့ အပေါ်ပိုင်းအတွက် သံမဏိချောင်းတွေနဲ့ ထပ်ပိုးကာကွယ်လာကြပေမယ့် ဒုံးလက်နက်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ခြင်း မရှိတာကို ဗီဒီယိုတွေမှာ တွေ့နေကြရပါတယ်။
စစ်ပွဲသတင်းတွေအရ အနီးကပ်ချုံခိုတိုက်ပွဲတွေမှာ NLAWs ဒုံးက ပိုအသုံးတည့်ပြီး Javelin ကတော့ အဝေးပစ်အတွက် ပိုအသုံးဝင်နေသလို တင့်ကားဖျက် ပခုံးထမ်း ဒုံးလောင်ချာ ၂ ခုစလုံးဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်မှာ အရေးတကြီး ပါဝင်နေတာ တွေ့ရပါတယ်။
တင့်ကားဖျက်ဒုံးတွေ အသုံးတွင်လာတာကြောင့် ယူကရိန်းစစ်ပွဲမှာ ရုရှားတင့်ကားတွေရဲ့ စစ်နည်းဗျူဟာ ဘယ်လိုအပြောင်းအလဲဖြစ်စေမလဲ ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။