close

နယ်ခြားစောင့်ရဲတပ်သား ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

နယ်ခြားစောင့် ရဲတပ်သားတယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာပြီး ဒီကနေ့ မတ် ၂၄ ရက်မှာတော့ လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီလို့ ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force (Saw & Kyaukhtu)  အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုယ်ပိုင်အမှတ် လ/ ၂၅၂၆၂၃ ၊ နယ်ခြားစောင့်ရဲတပ်သား ကိုသန့်ဇင်ကိုဟာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်က တာဝန်က ရပ်နားပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့တာကြောင့် ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပြီး ခုလိုပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နောင်မှာလည်း စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နဲ့ တကွ အဖွဲ့ဆီ ဆက်သွယ်ဝင်ရောက်လာရင်လည်း ထိုက်တန်တဲ့ ဆုကြေးငွေပေးအပ်ပြီး ခုလိုပဲ လွတ်မြောက်နယ်မြေ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

The Youth Force (Saw&Kyaukhtu) အဖွဲ့ကတော့ ယောနယ်ကာကွယ်ရေးတပ်ဖွဲ့ Yaw Defence Force (Saw&Kyaukhtu) ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ နုတ်ထွက်လိုက်ပြီး သီးခြားလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up