ယင်းမာပင်တွင် ကျောင်းထိုင်ဆရာတော်အပါအဝင် စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ ပြည်သူအချို့နဲ့ ကျောင်းထိုင်ဆရာတော်ကို စစ်ကောင်စီတပ်က မတ် ၂၃ ရက်နေ့ မနက် ၇ နာရီလောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အမျိုးသား ၇ ဦးနဲ့ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
မတ် ၂၄ ရက် မနက်ပိုင်းမှာတော့ ဆရာတော်အပါအဝင် ၈ ဦးကို ယင်းမာပင်မြို့ဘက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မတ် ၂၃ ရက်က နှောရိုးကျေးရွာအတွင်းကို ဝင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းကနေ အခြားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ရွာသာယာကျေးရွာအတွင်းကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ရွာသာယာကျေးရွာအပါအဝင် အခြားနီးစပ်ရာကျေးရွာတွေက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံက ပြောပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ ပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့တာ၊ ပစ္စည်းတွေကို ယူဆောင်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူပေါင်း သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။