close

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တပ်မတော်သားနှင့် ရဲတပ်သားများကို NUG က ဂုဏ်ပြုတွေ့ဆုံ

အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လွတ်မြောက်နယ်မြေတနေရာမှာ ဂုဏ်ပြုတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ဂုဏ်ပြုညစာစားပွဲကိုတော့ ပြီးခဲ့တဲ့ မတ် ၁၉ ရက်က ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်မှု ကော်မတီဝင်တွေ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းမှ စစ်ဘက်၊ အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ၊ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သား၊ ရဲသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့တဲ့ အားပေးစကားနဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရရဲ့ လုပ်ငန်းတွေကို ရှင်းလင်းပြောကြားခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ပြည်သူ့သားကောင်း တပ်သားတွေ၊ ရဲတွေနဲ့ အပြန်အလှန် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထား ပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Photo : NUG

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up