ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို ပြန်ဖွင့်ရန် စစ်ကောင်စီ ဖိအားပေးပြင်ဆင်

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက လာမယ့် ဧပြီလထဲမှာ မြန်မာနိုင်ငံတဝန်း ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ ဖိအားပေး ခိုင်းစေနေပြီး ရုပ်ရှင်ရုံပေါင်း ၆၀ လောက် ပြန်လည်ဖွင့်လှစ် ပြသသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အမည်မဖော်လိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူတယောက်ကတော့ “ကျနော်ကတော့ ဒီအပေါ် ပြတ်ပြတ်သားသားပဲ သဘောထားတယ်။ ကျနော့်ထုတ်လုပ်ရေးက မပြသရသေးတာ ၂ ကားပဲ ရှိတယ်။ ရုံတွေပြန်ဖွင့်လို့ ပြလည်း အကျိုးအမြတ်နဲ့တွက်ရင်တောင် ရှုံးမှာပဲ။ ဒီလိုအခြေအနေကြီးမှာဗျာ။ ပြောမကောင်းတာတွေကလည်း ရှိတယ်။ သူတို့ထုတ်ချေးတဲ့ ချေးငွေယူထားတဲ့ ထုတ်လုပ်ရေးတွေ၊ ရုံပိုင်တွေကလည်း အများကြီးရယ်။ ခုလိုမျိုး မငြိမ်မသက် ဖြစ်နေချိန်မှာ တည်ငြိမ်သယောင် လုပ်ပြမယ်။ လာကြည့်မယ့်သူတွေကရော လုံခြုံနေရဲ့လား။ အမှန်တရားဘက်က ရပ်တည်ပြီးတော့ ဖမ်းခံထားရတဲ့ အနုပညာရှင်တွေဘက်ကိုရော ကြည့်ကြပါဦးလို့ပဲ ပြောချင်တယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးနဲ့အတူ ရုပ်ရှင်၊ ဂီတ အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတဲ့အပြင် အာဏာသိမ်းကာလ တနှစ်ကျော်အတွင်းမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အနုပညာကဏ္ဍတွေ အသီးသီးမှာလည်း အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
ဒါ့အပြင် ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ပြန်လည်မဖွင့်လှစ်နိုင်ခဲ့ဘဲ ပိတ်ထားခဲ့တာ ၂ နှစ်နီးပါး ကြာမြင့်သွားခဲ့ပြီဖြစ်ကာ စစ်ကောင်စီက ရပ်တန့်နေတဲ့ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အကြိမ်ကြိမ် ဖိအားပေးနေပြီး ပြသဖို့ ကျန်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို လာရောက်ပြသကြဖို့ ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကိုလည်း အကြိမ်ကြိမ် ဖိအားပေးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေကို ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမကို ဖိတ်ခေါ်ပြီး ရုံတင်ဖို့ ကျန်ရှိတဲ့ ဇာတ်ကားတွေကို ပြသဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့တယ်လို့လည်း အနုပညာအသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
ရုံတင်ပြသဖို့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူတွေ၊ ဒါရိုက်တာတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးကြောင့် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပြီး ထွက်ပြေး တိမ်းရှောင်နေရသူတွေလည်း ရှိနေတဲ့အတွက် သူတို့ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကလွဲလို့ ကျန်တာကို အရင်ပြသကြဖို့၊ ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့သူတွေ ပါဝင်တဲ့ ဇာတ်ကားတွေကိုလည်း ပြသနိုင်အောင် ပြန်လည်စိစစ်ပေးမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
ရုပ်ရှင်ပရိသတ်တယောက်ဖြစ်တဲ့ မကြည်လဲ့နှင်းက “ပြန်ဖွင့်မယ့်ရုံတွေမှာ သူတို့ဘက်က ခြိမ်းခြောက်ပြခိုင်းရင် ပြမယ်၊ မပြဘူးဆိုတာက ထုတ်လုပ်သူတွေ၊ ရုံပိုင်တွေဘက်က ဒီလိုအခြေအနေမှာ ဘယ်ဘက်က ပြတ်ပြတ်သားသား ရပ်တည်မလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့။ တကယ်လို့ ရုပ်ရှင်တွေ ပြနေပါပြီတဲ့၊ သွားကြည့်ရဲတဲ့သူ ကြည့်လေ၊ ကြည့်ကြလေ။ နေ့နေ့ညည မလုံခြုံမှုတွေ၊ အဆင်မပြေမှုတွေကြား နေရတဲ့ထဲမှာ စိတ်ချလက်ချ ပျော်ရွှင်နေနိုင်ကြမယ်တဲ့လား။ ငါတို့နိုင်ငံမှာ ဘာတွေဖြစ်နေသလဲ။ ဘာတွေလုပ်ဖို့ လိုနေသလဲ။ ဘာကအရေးကြီးလဲ။ အရေးမကြီးဘူးလဲဆိုတဲ့ ပြည်သူတွေတွေးတဲ့ အတွေးက ဒီအခြေအနေပေါ် ထင်ဟပ်နေမှာပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားမှုမှန်သမျှကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေဟာ အမှန်တရားဘက် ပြတ်ပြတ်သားသား မရပ်တည်ကြတဲ့ အနုပညာရှင်တွေကို လူမှုပြစ်ဒဏ် ချမှတ်တာတွေကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်ကတော့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ရဲတိုက်၊ ပိုင်တံခွန်၊ ပိုပို၊ စောဖိုးခွား၊ ဝင်းမင်းသန်းတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံစေဖို့ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီး သိပ်မကြာခင်ကတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်းနဲ့ ပိုင်တံခွန်တို့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
လတ်တလော လွတ်မြောက်လာသူတွေထဲမှာတော့ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပိုနဲ့ Beauty Blogger ဝင်းမင်းသန်းတို့ ပါဝင်လာခြင်း မရှိသေးပါဘူး။