မြဝတီမြို့ အမှတ် ၃ ရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်


ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် လင်းသီရိကော်ဖီဆိုင်မှာ မတ် ၂၄ ရက်နေ့ ည ၉ နာရီကျော်လောက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဘယ်အဖွဲ့ထောင်ထားတဲ့ မိုင်းပေါက်ကွဲတယ်ဆိုတာမသိရသေးဘဲ ပေါက်ကွဲမှုကြောင့် မြဝတီမြို့ လင်းသီရိကော်ဖီဆိုင် မှန်တံခါးနဲ့ အခြားအသုံးဆောင်ပစ္စည်းအချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့မှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေပေမယ့် အာဝါဒေး လောင်းကစားပွဲတွေကတော့ ညစဉ်လိုလို ကျင်းပပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း မြဝတီမြို့ သင်္ဃန်းညီနောင်အထွက် အာရှလမ်းမှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ မြို့ဝင်ကြေးကောက်တဲ့ဂိတ်ကို အမည်မသိအဖွဲ့တခုက လာရောက် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာမှာလည်း မတ် ၂၄ ရက် ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။