တိုက်စစ်မှူးဟယ်ရီကိန်း အင်္ဂလန်သမိုင်းတလျှောက် ဒုတိယဂိုးသွင်းအများဆုံးဖြစ်လာ

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆွစ်ဇာလန်နဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့ပြီးနောက် အင်္ဂလန်အသင်းသမိုင်းတလျှောက် ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ဆွစ်ဇာလန်ကို အနိုင်ရခဲ့ပြီး ဟယ်ရီကိန်းက ပင်နယ်တီကန်တဆင့် အနိုင်ဂိုးသွင်းခဲ့တာပါ။
အဲဒီသွင်းဂိုးဟာ အင်္ဂလန်အသင်းအတွက် ၄၉ ဂိုးမြောက်ဖြစ်ခဲ့ပြီး အင်္ဂလန် အသင်းသမိုင်တလျှောက်မှာ ဒုတိယဂိုးသွင်းအများဆုံးသွင်းယူထားတဲ့ ဆာဘော်လီချာတန်ရဲ့ သွင်းဂိုးမှတ်တမ်းကို လိုက်မီခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဝိန်းရွန်နီက စုစုပေါင်း ၅၃ ဂိုးနဲ့ စံချိန်တင်ထားပြီး ဟယ်ရီကိန်းက ၄ ဂိုးသာ လိုအပ်ပါတော့တယ်။
“ဘယ်လိုအခိုက်အတန့်မှာမဆို ရရှိလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချနိုင်ဖို့ လိုတယ်။ ပင်နယ်တီဆိုတာ သွင်းဂိုးမှတ်တမ်းတွေရဖို့ အကောင်းဆုံးအခွင့်အရေးတခုဖြစ်တယ်။ အဲဒီအတွက် အကောင်းဆုံးလည်း လေ့ကျင့်ပြင်ဆင်ခဲ့တယ်။ သွင်းဂိုးအရေအတွက် ဒုတိယအများဆုံး ဖြစ်လာတဲ့အပေါ် အလွန်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် နောက်ပွဲစဉ်တွေကို အာရုံစိုက်သွားဖို့လိုပါ တယ်။ ဒီနှစ်မှာ ကမ္ဘာ့ဖလားလဲရှိတော့ ပွဲစဉ်တွေနဲ့ သွင်းဂိုးတွေ ပိုရလာဖို့ရှိပါသေးတယ်” လို့ ဟယ်ရီကိန်းက ဆွစ်ဇာလန်နဲ့ ပွဲအပြီးမှာပြောပါတယ်။
အင်္ဂလန်အသင်းဟာ မတ် ၂၉ ရက်နေ့ အိုင်ဗရီကို့စ်အသင်းနဲ့ ခြေစမ်း ပွဲထပ်ကစားဦးမှာဖြစ်ပါတယ်။