ယူကရိန်းစစ်ပွဲတွင် ကျဆုံးသွားသည့် ရုရှားစစ်ဗိုလ်ချုပ် ၇ ဦး

ယူကရိန်းနိုင်ငံတောင်ဘက် ခါရ်ဆန်မြို့အနီးတိုက်ပွဲမှာ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး ယာကော့ ရီဇန်းဆဗ်ကျဆုံးသွားခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်မှာ ကြေညာပါတယ်။
ရီဇန်းဆဗ်က ရုရှား အမှတ် (၄၉) တပ်ပေါင်းစုရဲ့ တပ်မှူးကြီးပါ။ ရုရှားရဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး၊ ယူကရိန်းစစ်ပွဲ တလစွန်းစွန်းကာလအတွင်း ကျဆုံးသွားတဲ့ ၇ ဦးမြောက် စစ်ဗိုလ်ချုပ်ပါ။ ခါရ်ဆန်မြို့အနီး လေတပ်စခန်းမှာ ကျဆုံးသွားတာပါ။
စစ်ရေးစောင့်ကြည့်သူတွေအဆိုအရ ရုရှားတပ်တပ်တွေ စိတ်ဓာတ်ပိုင်း ပြိုလဲကျဆင်းနေတာမို့ ရှေ့တန်းကို အဆင့်မြင့်ဗိုလ်ချုပ်ကြီးတွေကိုယ်တိုင် လိုက်ပါနေရတယ်လို့ ဆိုပါတယ်။
ယူကရိန်းကို စစ်ပွဲစဆင်နွှဲပြီး ၄ ရက်အကြာမှာ ရီဇန်းဇဗ်က နာရီပိုင်းအတွင်း တိုက်ပွဲပြီးတော့မယ်လို့ သူ့တပ်တွေကို ပြောခဲ့တယ်လို့ ရုရှားစစ်သားတွေက ပြန်ပြောပါတယ်။
သူ့အရင် ရုရှား အမှတ် (၈) တပ်ပေါင်းစုတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အန်ဒရီ မော်ဗစ်ချီလည်း ယူကရိန်းတို့ တိုက်ခိုက်မှုကြောင့် ခါရ်ဆန်မြို့ စစ်အခြေစိုက်စခန်းမှာပဲ မတ်လ ၁၈ ရက်က ကျဆုံးခဲ့ပါတယ်။
ရုရှားမီဒီယာကတော့ ကိဗ်မြို့ တိုက်ပွဲမှာ ဗိုလ်ချုပ်တဦးပဲ ကျဆုံးသေးတယ်လို့ ပြောဆိုပေမဲ့ ယူကရိန်းနဲ့ အနောက်အုပ်စုက ၇ ဦး ရှိပြီလို့ ပြောဆိုနေတာပါ။ သမ္မတပူတင်ကိုယ်တိုင် အတည်ပြုထားသူက စစ်ပွဲစပြီး မကြာခင်မှာပဲ ကျဆုံးသွားတဲ့ ဗိုလ်ချုပ် အန်ဒရေ ဆူခိုယက်စကီး (Andrey Sukhovetsky) ပါ။
ကျဆုံးခဲ့တဲ့ ရုရှားစစ်ဗိုလ်ချုပ် ၇ ဦး
ယာကော့ ရီဇန်းဆဗ်- ဆီးရီးယားစစ်ပွဲမှာ ရုရှားတပ်တွေကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ပါ။ မနှစ်က ဒုတိယဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ရရှိပြီး ရုရှားတောင်ပိုင်း စစ်တိုင်း အမှတ် (၄၉) တပ်ပေါင်းစုရဲ့ တပ်မှူးပါ။
အန်ဒရီ မော်ဗစ်ချီ - ရုရှားတောင်ပိုင်း စစ်တိုင်း အမှတ် (၈) တပ်ပေါင်းစုရဲ့ တပ်မှူးပါ။ မတ်လ ၁၈ ရက်မှာ ခါရ်ဆန်မြို့မှာ ကျဆုံးပါတယ်။
ဗိုလ်ချုပ် အိုလက် မီတီယက်ဗ်- ၂၀၁၆ မှာ စတင်ဖွဲ့စည်းပြီး ယူကရိန်းနယ်စပ်အနီး ရိုစတော့ဗ်ဒေသမှာ အခြေစိုက်တဲ့ အမှတ် (၁၅၀) မော်တာရိုင်ဖ်တပ်ရင်း တပ်မှူးပါ။ ယူကရိန်း အရှေ့တောင်ဘက် မာရီယူပိုးလ်မြို့ ပြင်းထန်တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။
ဗိုလ်ချုပ် အန်ဒရေ ကိုလက်စ်နီကော့ဗ်- အမှတ် (၂၉) တပ်ပေါင်းစုတပ်မှူးပါ။ မတ်လ ၁၁ ရက် မှာ ကျဆုံးပါတယ်။
ဗစ်တာလီ ဂါရာစီမော့ဗ်- အမှတ် (၄၁) တပ်ပေါင်းစု ဦးစီးအရာရှိ၊ ခါရ်ကိဗ်မြို့မှ မတ်လ ၇ ရက်နေ့က ကျဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ဂါရာစီမော့က ချေချန်စစ်ပွဲ၊ ဆီးရီးယားစစ်ပွဲနဲ့ ၂၀၁၄ ခရိုင်းမီးယားဒေသ သိမ်းပိုက်မှုတွေမှာ ပါဝင်ခဲ့သူပါ။
ဗိုလ်ချုပ် အန်ဒရေ ဆူခိုယက်စကီး- ဂါရာစီမော့ဗ် နဲ့အတူ အမှတ် (၄၁) တပ်ပေါင်းစု ဒုတပ်မှူးပါ။ မတ်လ ၃ ရက်မှာ ကျဆုံးခဲ့ပါတယ်။ နှစ်ဦးစလုံး ဆီးရီးယားနဲ့ ခရိုင်းမီးယားဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ထူးခြားချက်က အခြားဗိုလ်ချုပ်တွေနဲ့မတူဘဲ ဆူခိုယက်စကီးရဲ့ သေဆုံးမှုကို သမ္မတပူတင်က မိန့်ခွန်းတခုမှာ အတည်ပြုခဲ့ပါတယ်။
ဗိုလ်ချုပ် မာဂိုမက်ဒ် တူရှေးယက်ဗ်- ချေချန်အမျိုးစောင့်တပ်မှူး၊ ကျဆုံးမှု အငြင်းပွားလျက်ရှိ။
ကိုးကား- BBC