အင်္ဂလန်အသင်းဖော် ဟာရီကိန်းကို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဟု လုခ်ရှော ချီးကျူး

အင်္ဂလန်အသင်းဖော် ဟာရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ နောက်ခံလူ လုခ် ရှောက ချီးကျူးသွားပါတယ်။
လုခ်ရှောနဲ့ ဟာရီကိန်းတို့ဟာ ဆွစ်ဇာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးစီသွင်းယူခဲ့ကြပါတယ်။
တစ်ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းအတွက်တော့ အင်္ဂလန်ဘောလုံးသမိုင်း တစ်လျှောက် ဒုတိယဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
ဟာရီကိန်းဟာ အပတ်စဉ်တိုင်းမှာ ခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်လို့ နောက်ထပ် တစ်ဦးချင်းအောင်မြင်မှု မှတ်တိုင်တွေ ဆက်ပြီးစိုက်ထူနိုင်လိမ့်မယ်လို့ လုခ်ရှောက ချီးကျူးပါတယ်။
“လက်ရှိအချိန်မှာ သူစွမ်းဆောင်ပြခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်တယ်။ အကောင်းဆုံးတိုက်စစ်မှူးလည်းဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ဖလားမှာ နောက်ထပ် ရွှေဖိနပ်ဆုထပ်မံရယူပြီး တခြားမှတ်တမ်းကောင်းတွေလည်း ဆက်ပြီးရယူနိုင်ပါလိမ့်မယ်” လို့ လုခ်ရှောက ပြောပါတယ်။
ဟာရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၄၉ ဂိုးသွင်းယူထားပြီး ဝိန်းရွန်းနီရဲ့ ၅၃ ဂိုးစံချိန်ကို လိုက်မီဖို့ နီးစပ်နေပြီဖြစ်ပါတယ်။