ရေးမြို့နယ် တူးမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်ချုပ်မှူး ဦးသန်းထွန်းကို မတ် ၂၇ ရက် မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်လို့ နေအိမ်မှာ သေဆုံးခဲ့တယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးသတင်းပေးတွေ လုပ်ဆောင်နေသလို မြေယာတွေကို သိမ်းဆည်းတာ၊ ခြံရှင်တွေထံကနေ ငွေကြေးတောင်းခံ ခြိမ်းခြောက်တဲ့လုပ်ရပ်တွေကြောင့် ရေးဘီးလူး အဖွဲ့သားတွေက သေနတ်နဲ့ ၃ ချက်ဖြင့်ပစ်ခတ်ခဲ့တာလို့ ရေးဘီးလူး အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသူရဲ့မိသားစုနဲ့ ဆွေမျိုးတော်စပ်တဲ့သူကတော့ “အခုအချိန်က သတင်းပေးတာတွေ စွပ်စွဲခံရသလို သူ့ရဲ့လုပ်ရပ်တွေကိုလည်း တဘက်လက်နက်ကိုင်တွေဘက်ကို ပြန်ကြည့်ရင် အခုအချိန်မှာ တစ်စုံတခုမှ မှတ်ချက်ပြု မပြောဆိုလိုပါဘူး”လို့ ပြောပါတယ်။
ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်တွေကလည်း စစ်ကောင်စီရဲ့ သတင်းပေးလို့ စွပ်စွဲခံရသူ ၂ ဦး အသတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီကတော့ ရေးဘီးလူးအဖွဲ့သားတွေဟာ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်လုပ်ကြံ သတ်ဖြစ်နေတာဖြစ်လို့ အဆိုပါ အဖွဲ့ကို တွေ့ရှိပါက နီးစပ်ရာ တပ်နဲ့ ရဲစခန်းသို့ သတင်းပေးပို့ကြဖို့ ဆုကြေးငွေနဲ့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က အမာခံသတင်းပေးတွေ ထားရှိပြီး PDF နဲ့ ဆက်နွှယ်သံသယရှိသူတွေကို ဖမ်းဆီးထားတာ ဒါဇင်နဲ့ချီရှိနေပြီဖြစ်ပြီး ရေးဘီးလူး အဖွဲ့သားတွေကတော့ စစ်ကောင်စီရဲ့ ဒေါက်တိုင် မှန်သမျှကို ချေမှုန်းသွားမယ်လို့ ပြောဆိုထားပါတယ်။
ရေးဘီးလူး အဖွဲ့သားတွေက စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ သတင်းပေးလို့ စွပ်စွဲခံရသူတွေဖြစ်တဲ့ တပ်မတော်အငြိမ်းစား ဗိုလ်မှူး ၁ ဦး၊ ကျောင်းဆရာမ ၁ ဦးအပါအဝင် အနည်းဆုံး ၃ ဦးထက်မနည်း ရှင်းလင်းထားခဲ့ပါတယ်။