ရန်ကုန်တွင်နေရာအနှံ့ ဗုံးပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်တိုင်းအတွင်း မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က သာကေတ၊ အင်းစိန်၊ လှိုင်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံ မြို့နယ်တွေမှာ ဗုံး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရွှေပြည်သာမြို့နယ်၊ နဝရတ်ဈေးနားမှာ မတ် ၂၇ ရက် ည ၈ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၈ နာရီလောက်က နဝရတ်ဈေးနားမှာ ဗုံးပေါက်တာပါ။ အသံအတော်ကျယ်တယ်။ ဗုံးပေါက်ပြီး လူနာတင်ကားသံလည်း ကြားတယ်။ ညပေါက်ကွဲတာမို့ သွားမကြည့်ဖြစ်ဘူး။ အထိအခိုက် အတိအကျတော့ မသိပါ” လို့ အနီးနားမှာနေထိုင်သူက ပြောပါတယ်။
အလားတူ လှိုင်သာယာမြို့နယ် တပ်ရင်း ၅၃၂ အနီးမှာလည်း မနေ့ ညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
“ပေါက်ကွဲချိန်က ညနေ ၆ နာရီဆိုတော့ လူသွားလူလာရှိနေသေးတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး၊ လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ဦး ထိခိုက်သွားတယ်”လို့ ဒေသခံတယောက်က ပြောပါတယ်။
မတ် ၂၇ ရက် နေ့လယ် ၃ နာရီလောက်က သာကေတမြို့နယ် အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မကြားသိရဘူးလို့ ဒေသခံတွေထံက သိရပါတယ်။