မြောက်မက်ဆီဒိုးနီးယားနှင့်ပွဲက သေရေးရှင်ရေးပွဲစဉ်ဟု စီရော်နယ်ဒို ပြော

မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ဗိုလ်လုပွဲက သေရေးရှင်ရေးပွဲစဉ် ဖြစ်တယ်လို့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ တူရကီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ အဆုံးအဖြတ်ပွဲစဉ်အနေနဲ့ အီတလီကို အနိုင်ယူခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ မက် ၃ဝ ရက်နေ့ ယှဉ်ပြိုင်သွားရမှာပါ။
ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် သေရေးရှင်ရေးပွဲစဉ်ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ကစားသမားတွေ ခွန်အားဖြစ်စေဖို့အတွက် အားပေးကြဖို့ ရော်နယ်ဒိုက တောင်းဆိုခဲ့ပါတယ်။
“ဒီပွဲက ကျနော်တို့အတွက် သေရေးရှင်ရေးပွဲစဉ်ပါပဲ။ အနိုင်ယူပြဖို့ တာဝန်ဝတ္တရားလည်း ရှိနေတယ်။ ဒီပွဲက ကျနော်တို့ရဲ့ အသက်တမျှ အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်တယ်။ သူတို့အသင်းက အံ့အားသင့်စရာ ရလဒ်တွေ အများကြီး လုပ်ပြတက်ပေမယ့် ကျနော်တို့ကိုတော့ အဲဒီလို ထပ်လုပ်ပြနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်” လို့ စီရော်နယ်ဒိုက ပြောပါတယ်။
အသက် ၃၇ နှစ်ရှိလာတဲ့ ရော်နယ်ဒိုဟာ လာမယ့် ကာတာကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်ပြီး ခြေစစ်ပွဲအောင်ဖို့ ပစ်မှတ်ထားနေတာပါ။
ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်မှာ ယူရိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ထားပေမယ့် ကမ္ဘာ့ဖလားမှာတော့ အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၂၀၀၆ ခုနှစ်က စတုတ္ထဆုသာ ရရှိထားပါတယ်။