စီးပွားရေးဆန်သည့် မန်ယူအသင်းကို မရွေးချယ်ရန် နည်းပြတန်ဟတ်ကို ဗန်ဟားလ် တိုက်တွန်း

စီးပွားရေးဆန်တဲ့ မန်ယူအသင်းကို ရွေးချယ်ခြင်းမပြုဖို့ နည်းပြ အဲရစ်တန်ဟတ်ကို နည်းပြ ဗန်ဟားလ်က တိုက်တွန်းသွားပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီခန့်အပ်မယ့် နည်းပြသစ်အဖြစ် အေဂျက်ဇ်အသင်းကို ကိုင်တွယ်နေတဲ့ ဟော်လန်နည်းပြ အဲရစ်တန်ဟတ်ကို ခန့်အပ်ဖို့ စီစဉ်ထားတာပါ။
အဲဒီအပေါ်မှာ ဟော်လန်လက်ရွေးစင်နည်းပြဗန်ဟားလ်က မန်ယူအသင်းက စီးပွားရေးဆန်တဲ့ အသင်း ဖြစ်လို့ စစ်မှန်တဲ့ဘောလုံးအသင်းဆီပဲ ပြောင်းရွှေ့ဖို့ ပြောပါတယ်။
“တန်ဟတ်က ကောင်းမွန်တဲ့နည်းပြတဦးလို့ မြင်ပါတယ်။ ဒီလိုနည်းပြတဦးက မန်ယူနိုက်တက် အတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ မန်ယူနိုက်တက်အသင်းက စီးပွားရေဆန်တဲ့အသင်း ဖြစ်တယ်။ ဒီလိုအသင်းတွေဟာ နည်းပြတွေအတွက် ခက်ခဲတဲ့ ရွေးချယ်မှု ဖြစ်စေတယ်။ သူ့အနေနဲ့ ဘောလုံးအသင်းစစ်စစ်ဆီကိုသာ ရွေးချယ်သင့်ပြီး စီးပွားရေးဆန်တဲ့ အသင်းတသင်းဆီ မသွားသင့်ပါဘူး” လို့ နည်းပြဗန်ဟားလ်က ပြောပါတယ်။
ဗန်ဟားလ်ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မန်ယူအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။