အမြင့်ဆုံးအဆင့်တွင် ကစားနိုင်စွမ်းရှိသူဟု မက်ဂွိုင်းယားကို နည်းပြဆောက်ဂိတ် ချီးကျူး

အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားဟာ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိသူ ဖြစ်တယ်လို့ နည်းပြ ဆောက်ဂိတ်က ချီးကျူးပါတယ်။
မက်ဂွိုင်းယားဟာ မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အင်္ဂလန်အသင်းမှာ ဆက်ပြီး ရွေးချယ်ခဲ့တဲ့အပေါ် ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ မက်ဂွိုင်းယားဘက်က အပြည့်အဝကာကွယ်သွားခဲ့ပြီး အမြင့်မားဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိသူလို့ ချီးကျူးပါတယ်။
“သူက ကျနော်တို့အသင်းကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်နဲ့ ယူရိုချန်ပီယံရှစ်ဗိုလ်လုပွဲအထိ ရောက်အောင် ပို့ဆောင်နိုင်ခဲ့သူပါ။ ဆိုတော့ အမြင့်မားဆုံးအဆင့်မှာ ကစားနိုင်တာထက်တောင် ပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ နွေရာသီတုန်းက အသင်းနဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပေမယ့် ကလပ်အသင်းမှာတော့ ခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအပေါ် အကြောင်းပြချက်များစွာရှိနိုင်ပါတယ်” လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
နောက်ခံလူ မက်ဂွိုင်းယားဟာ ဆွစ်ဇာလန်ကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ကစားခွင့်မရခဲ့ပေမယ့် အိုင်ဗရီကို့စ်နဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။