ပုလဲတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ခင်ဦးမြို့နယ်က ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်ဝင်နဂါးတပ်တို့ မကျည်းကုန်းရွာနဲ့ အိုးဘိုရွာကြား သရက်ခြံမှာ မတ် ၂၈ ရက်နေ့ မနက် ၁၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပုလဲဗိုလ်နဂါးက “သူတို့ဘက်က အကျဆုံးများမယ် ထင်တယ်ဗျ။ သူပစ်ကိုယ်ပစ်ဆိုပေမဲ့ ကျနော်တို့က အလစ်ဝင်တိုက်တာဆိုတော့ သူတို့ ကျဆုံးများတယ်ဗျ။ ကျနော်တို့ မျက်မြင်တွေ့ခဲ့ရတာ ၁၅ ယောက်လောက်ကတော့ တုံးလုံးပက်လက်ပဲဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တော်ဝင်နဂါးတပ်တော်နဲ့စစ်ကောင်စီတပ်တို့ နာရီဝက်လောက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ အိုင်းမကျေးရွာဘက်ကို တဖွဲ့ခွဲထွက်သွားကာ တဖွဲ့ကတော့ မင်းတိုင်ပင်ကျေးရွာမှာ တပ်ဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၅၀ ကျော်နဲ့ မတ် ၂၈ ရက် မနက် ၇ နာရီခွဲလောက်မှာ ဝင်ရောက်လာတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
“မနက်အစောကြီးဝင်လာတယ်ဗျ။ ဒီကောင်တွေ မနေ့က ခင်ဦးမြို့နယ် ပေါက်တောရွာကနေ ပင်တင်းရွာတို့ကို ဝင်မွှေနှောက်ခဲ့တယ်။ ဒီနေ့ ပေါက်တောရွာက ညောင်ကန်ကျေးရွာကို ထပ်ဝင်လာခဲ့တာ။ အဲဒီလိုဝင်လာလို့ ဒေသခံတွေ တောထဲ၊ တောင်ထဲထွက်ပြေးနေရတယ်” လို့ ရွာသားတဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲ နေ့စဉ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း ဝင်ရောက်ရှာဖွေနေသလို လမ်းတလျှောက်တွေ့တဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။