close

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ရန် ဒုံးအမျိုးစားတမျိုး တီထွင်အောင်မြင်

စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ခြိမ်းခြောက်နိုင်ဖို့ ဒုံးအမျိုးစားတမျိုးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Kani People's Defense Force-KLG) က ဒီနေ့ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီဒုံးဟာ နှစ်ဆင့်ကွဲရှော့တိုက်ဒုံးအမျိုးစားဖြစ်ပြီး ထိရောက်မှုအနေနဲ့ ၂ မိုင်ကျော်ထိ ပစ်ခတ်နိုင်သလို ထုတ်လုပ်မှုစရိတ်လည်း ကြီးမား‌တယ်လို့ ဆိုပါတယ်။

ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ထုတ်လုပ်တဲ့ စရိတ်ကြီးမားတော့ ကျနော်တို့ အနည်းငယ်ပဲ ထုတ်လုပ်နိုင်ပါသေးတယ်။ အခု စမ်းသပ်မှုကလည်း ရာခိုင်နှုန်းပြည့်အောင်မြင်တယ်။ ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ အနိုင်ကျင့်ယုတ်မာ အသုံးချနေတဲ့ လေကြောင်းပစ်ကူကို ပြန်လည်တုံ့ပြန်နိုင်ဖို့ပါ။ ကျနော်တို့ လက်နက်ပစ္စည်းတွေကိုလည်း ဒီ့ထက်အဆင့်မြင့်တဲ့ လက်နက်မျိုးဖြစ်အောင် အမြဲလေ့လာတီထွင်စမ်းသပ်နေပါတယ်။ ဒါပေမယ့် ပြည်သူရဲ့ပံ့ပိုးမှုကို အဓိကအားထားနေရပါ” လို့ ပြောပါတယ်။

အဲ့ဒီစမ်းသပ်အောင်မြင်တဲ့ ဒုံးကို ၁၅ ရက်ခန့်ကြာ တီထွင်‌ပြုလုပ်ခဲ့တာဖြစ်ပြီး တီထွင်မှုမတိုင်ခင် အချိန်ယူပြီး များစွာလေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

Kani People's Defense Force-KLG အဖွဲ့အနေနဲ့ တိုက်ခိုက်ရေးလက်နက်ကြီး အမျိုးစားတွေနဲ့ ရေမြုပ်မိုင်းကိုလည်း တီထွင်ထုတ်လုပ်အောင်မြင်ခဲ့တဲ့ အဖွဲ့တခုလို့ သိရပါတယ်။

ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ ရေယာဉ်တွေဟာ ရေမြုပ်မိုင်းနဲ့ တိုက်ခိုက်ခြင်း မကြာခဏ ခံနေရသလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up