တာဟန်းရပ်ကွက်က စစ်ကောင်စီကင်းစခန်းတခုကို ကလေး PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင်က စစ်ကောင်စီ ကင်းစခန်းတခုကို မတ် ၂၉ ရက် မနက် ၆ နာရီမှာ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF က သတင်းထုတ်ပြန်ပါတယ်။
PDF (Kalay) ဖြစ်တည်လာဖို့ စတင်သန္ဓေတည်ခဲ့သော အဖွဲ့အစည်းများအနက် တခုဖြစ်သော Kalay Civil Army (KCA) ကို တာဟန်းခံတပ်မှာ စတင်ဖွဲ့စည်းခဲ့ခြင်း ၁ နှစ်ပြည့်နေ့ ရက်ဖြစ်တာကြောင့် ဝင်ရောက်တိုက်ခိုက်တာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၂ ဦးခန့် ထိမှန်ခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကလေးမြို့နယ်နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ သွေးကြွေးကို ကလေး PDF က မဖြစ်မနေ ပြန်လည်ရယူသွားမယ်ဆိုတာ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးကို သတင်းစကားပါးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အပြီး နေ့ခင်းပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေဟာ သူတို့တပ်ရင်းအတွင်းနေ လက်နက်ကြီးတွေ ပစ်ဖောက်နေတာကြောင့် မြို့နေလူထု စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။