ကျိုက်ထို မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းမှာ မတ် ၃၁ ရက် ဒီမနက် ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ ကေအန်အယ်လ်အေ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဒီဗွီဘီကို ပြောပါတယ်။
မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် နှစ်ဘက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့သလို ကေအန်အယ်လ်အေ ပူးပေါင်းအဖွဲ့က ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ခံက ပြောပါတယ်။
နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ခရီးသွားယာဉ်မောင်း ၂ ဦး သေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး အခုအခါမှာတော့ သူတို့ ၂ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
မုပ္ပလင်လမ်းဆုံက စစ်ကောင်စီဂိတ်စခန်းဟာ စစ်တပ်နဲ့ ရဲအင်အား ၄၀ လောက်ချထားတဲ့ ဂိတ်စခန်းတခုဖြစ်ပြီး မကြာခဏဆိုသလို ကေအန်အယ်လ်အေ ပူးပေါင်းအဖွဲ့က တိုက်ခိုက်လေ့ရှိပါတယ်။
စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတဲ့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်း ၁ နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။