close

ပဲခူးရိုးမတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံး

ပဲခူးတိုင်း၊ တောင်ငူမြိုနယ်၊ ပဲခူးရိုးမတောင်ပေါ်မှာ   ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၁ ရက်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး  စစ်ကောင်စီတပ်သား  ၁၀ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့   ဒေသခံရွာသားတွေထံက သိရပါတယ်။

နေ့လယ် ၂ နာရီလောက်မှာတိုက်ပွဲတကြိမ်  ညနေ ၅ နာရီလောက်မှာ တကြိမ် ၂ ကြိမ်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ် တောင်ငူခရိုင်တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ရဲ့ တာဝန်ရှိသူတဦးက  ဒီဗွီဘီကိုပြောပါတယ်။

“တောင်ငူမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေက မနက်အစော လင်းအားကြီး  စစ်ကြောင်းထိုးဖို့တက်လာတာ။ အင်အားက  ၅၀ လောက်ရှိတယ်။ ကျနော်တို့က သတင်းကြိုရထားတော့ သူတို့တက်နိုင်တဲ့နေရာ ၂ နေရာမှာ မိုင်းထောင်တယ်။ ဒါပေမဲ့ သူတို့က ပထမမိုင်းကိုတော့ ကွေ့၀ှိုက်ပြီးကျော်သွားတယ်။ အဲ့ဒါကိုကျော်သွားတော့ ကျနော်တို့က အသင့်စောင့်နေတဲ့နေရာကနေ ချောင်းမြောင်းပစ်ခတ် ကြတယ်။ အဲ့ဒိမှာသူတို့ဘက်က လူ ၂ ယောက်လောက်ကျသွားတယ်။” 

ညနေဘက်တိုက်ပွဲနဲ့ပတ်သက်ပြီးလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက  “ညနေ ၅ နာရီလောက်မှာ လျှော်ဘီမြောင်ဆိုတဲ့နေရာမှာ ကျနော်တို့ဆင်ထားတဲ့ ရှေ့ထွက်မိုင်းကွင်းထဲကို သူတို့ဝင်လာတဲ့အချိန်မှာ မိုင်းလည်းဆွဲ ဝိုင်းလည်း ပစ်ကြတာ၊ အဲ့ဒိနေရာမှာလည်း သူတို့ဘက်က အနည်းဆုံး ငါးယောက် ခြောက်ယောက်လောက်ကျတာကို ကျနော့်မျက်မြင်တွေ့ခဲ့ရတယ်။ နောက်တော့ ဒေသခံတွေကိုမေးကြည့်တော့ ၁၀ ယောက်လောက်ကျတယ်လို့သိရတယ်”လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိဘူးလို့လည်း ပြောပါတယ်။ 

အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်တပ်ဘက်ကသတင်းထုတ်ပြန်တာမရှိသလို တိုက်ပွဲတွေမှာ စစ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်လေ့မရှိတာကြောင့် သေဆုံးဒဏ်ရာရတဲ့ အရေအတွက်ကို  ဒီဗွီဘီအနေနဲ့ သီးခြားတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက ပဲခူးရိုးမတောင်ပေါ်မှာ သစ်ခိုးထုတ်နေသူတွေက PDF တွေ ရှိတဲ့နေရာတွေကို စစ်ကောင်စီထံ သတင်းပေး ဒလန် လုပ်ပေးရင်းနဲ့ သစ်ခိုးထုတ်ခွင့် ရနေကြပါတယ်။

တိုင်းပြည်ရဲ့ သယံဇာတတွေနဲ့ သစ်တောပြုန်းတီးမှုတွေများလာလို့ PDF တပ်ရင်း ၃၅၀၁ ၊ ဘုရင့်နောင်တပ်ရင်းက မတ်လ ၈ ရက်ကစလို့  ဒေသခံတွေကို ပဲခူးရိုးမတောင်ပေါ်သွားလာခွင့် တားမြစ်ခဲ့သလို တောင်‌ပေါ်တက်လာတဲ့ သစ်ခိုးသမားနဲ့ အယောင်ဆောင် စစ်ကောင်စီတပ်သားတွေကို ရှင်းလင်းမယ်လို့  အမိန့်ထုတ်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up