close

ဖာပွန်မြို့နယ်၌ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး ၁ ဦးသေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ခေါပူကျေးရွာ(ခေါပုပ်)ရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁ ရက် မနက် ၆ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်က တယောက် သေဆုံးသွား ပါတယ်။

မနေ့ မနက် ၁၀ နာရီလောက်က ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေက ကလော်ထာကျေးရွာအုပ်စု၊ ဒေဘောခေါ်၊ တိုသေဖူး၊ ကနဲဃေါထာ၊ ဒူးပရက်ကျိုး၊ ထီးညာလီခီးနဲ့ ထိုလွီကျိုးကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူသတင်းရင်းမြစ်က ဆိုပါတယ်။

“စကစက လက်နက်ကြီး(အမြောက်)အလုံး ၂၀ လုံးကျော်လောက်ရှိမယ်။ ထိခိုက်မှုတော့ မရှိဘူး။ တပ်စခန်းတွေ အလစ်ဝင်တိုက်ခိုက်ခံရတော့ ပွဲတိုင်းတပ်ဘက်က ထိခိုက်သေဆုံးသူရှိတယ်။ အခု စကစတပ်တွေကို ဖြတ်လေးဖြတ် လုပ်ထားတယ်။ သူတို့(တပ်)က အထိနာလေ အပြစ်မရှိတဲ့ရွာသားတွေကို နည်းမျိုးစုံနဲ့ ပြန်ဒုက္ခပေးနေတာ”လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် တပ်မဟာ ၅ နယ်မြေအတွင်းက အရပ်သားပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တော၊ တောင်တွေထဲ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်စဉ်မှာ ထိခိုက်သူမရှိဘူးလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။

မတ်  ၃၁ ရက် မနက်ပိုင်းကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက ကူးဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်း ၄၃၄ ကူးဆိပ်တပ်စခန်းကို နာရီခြားပြီး ၃ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး၊ ၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါနေ့ မနက် ၁၁ နာရီကျော်လောက်က လက်ပန်းကျကျေးရွာရှိ စစ်ကောင်စီရဲ့ လက်ပန်းကျတပ်စခန်းစစ်သည်တွေကို တပ်ချိန်းပြောင်းဖို့ ကမာမို(ကမမောင်း)- ကတဲတိ(ကတိုင်တိ)လမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ကျော် လိုက်ပါလာတဲ့ ၁၀ ဘီးကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အလားတူ ညနေ ၁၅ နာရီလောက်က ထီးသဘလူကလိုးလမ်းကြောင်းကို လမ်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့သလို၊ ညနေ ၄ နာရီလောက်မှာတစ်ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီရဲ့တပ်တွေနဲ့ BGF ပူးပေါင်းတပ်တွေက နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလှုပ်ရှားတာ၊ လူအင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ ကုန်လမ်း၊ လေကြောင်းကပါ ရိက္ခာပို့ဆောင်နေတာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေသလို့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အပြင်  တပ်စခန်းတချို့ကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up