close

စစ်ကောင်စီအလိုကျမဖြစ်စေရေး ခရီးမသွားကြရန် တိုက်တွန်း

ခရီးသွားလုပ်ငန်းတွေ ပြန်လည်ပတ်စေဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီအလိုကျမဖြစ်အောင် တတ်နိုင်သလောက် ခရီးမသွားကြဖို့ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်သူတွေက တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံကို ပုံမှန်လည်ပတ်နေသလိုဖြစ်အောင် ကဏ္ဍပေါင်းစုံလည်ပတ်နေဖို့ ကြိုးစားနေတာဖြစ်ပြီး ကမ်းခြေခရီးသွားတာတွေ၊ ဘုရားပွဲတော်တွေ ပြုလုပ်ပြီး ခရီးသွားလာအောင်လုပ်ဆောင်နေတယ်လို့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်သူတယောက်က ပြောပါတယ်။

“တောင်ကြီး အင်းလေး ခရီးစဉ်တွေ၊ ပုဂံ မန္တလေးခရီးတွေအပါအဝင် စစ်ကောင်စီရဲ့ တိုင်းအစိုးရတွေကလည်း ရွှေစက်တော် မော်တင် စတဲ့ ဘုရားပွဲတွေနဲ့ လူတွေလာအောင် ကြိုးစားနေကြတယ်။ ကျနော်တို့ ခံယူချက်ကတော့ စစ်တပ်ရဲ့လောင်းရိပ်အောက်မှာ မလုပ်ချင်ဘူး။ ပြီးတော့ ဒီအချိန် ခရီးထွက်တာက တော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေသလို စစ်တပ်ကိုလည်း တစိတ်တပိုင်း ထောက်ပံ့ရာရောက်တယ်။” 

ခရီးသွားလုပ်ငန်းတချို့ကတော့ တောင်ကြီး-အင်းလေး-ပင်းတယ ၅ ရက်ခရီးအတွက် တယောက်ကို ၁ သိန်းကျပ်၊ ထားဝယ်- မောင်းမကန်- မော်လမြိုင်- စက်စဲ ၅ ရက်ခရီးအတွက် ၁ ယောက်ကို ၁၂၀၀၀၀ ကျပ်၊ မန္တလေး-ပြင်ဦးလွင် စစ်ကိုင်း ၅ ရက်ခရီးအတွက် တယောက်ကို ၁ သိန်းကျပ်၊ မင်းဘူးနဲ့ ပုဂံ ၅ ရက်ခရီးအတွက် ၁ ယောက်ကို ၁ သိန်းကျပ်နဲ့ သွားနိုင်မယ်လို့ ကြေညာထားပြီး ဘုန်းကြီးကျောင်းမှာတည်းရမယ့်ခရီးစဉ်တွေ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းတခုရဲ့ ဒါရိုက်တာက “အခုအချိန် ခရီးမထွက်သင့်ပါဘူး။ ကိုဗစ်က စိတ်မချရသေးဘူး။ မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်၊ နေစရာ စားစရာမရှိ ဒုက္ခဘေးသင့်နေတဲ့အချိန်မှာ သူတို့ကို စာနာတဲ့အားဖြင့် အပန်းဖြေခရီး၊ ဘုရားဖူးခရီး မထွက်သင့်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မင်းဘူးရွှေစက်တွေကို နေ့စဉ် ဘုရားဖူး ၁၀၀၀ လောက်လာရောက်နေပြီး ညအိပ်လို့တော့ မရသေးပါဘူး။

ရန်ကုန် ချောင်းသာ၊ ရန်ကုန် ငွေဆောင် ကားခ ၂၅၀၀၀၊ ရန်ကုန် ငပလီ ကားခ ၅၀၀၀၀ စတဲ့ နှုန်းထားတွေနဲ့လည်း ခရီးသွားတွေကို ပို့ဆောင်နေပြီး အခု ငပလီမှာလည်း ဧည့်သည်တော်တော်များများ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Tour Operator တယောက်က “နိုင်ငံရေးအခြေအနေက လုံးဝ မတည်ငြိမ်တဲ့အပြင် ခရီးသွားလာရေးနဲ့ ဆက်စပ်နေတဲ့ ကားလိုင်း၊ ဟိုတယ် တော်တော်များများက Boycott List ထဲ ဝင်ထားတာကြောင့် မလိုအပ်ရင် ဒီအချိန်မှာ ခရီးမသွားသင့်ပါဘူး” လို့ ပြောပါတယ်။

ခရီးသွားတွေကြောင့် တော်လှန်ရေးတိုက်ပွဲတချို့အနှောင့်အယှက်ဖြစ်ရပြီး ရပ်လိုက်ရတဲ့ လှုပ်ရှားမှုတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က ပြောဆိုထားပါတယ်။ 

ဓာတ်ပုံ - စစ်အာဏာသိမ်းမှုကို ခရီးသွားလုပ်ငန်းများ ဆန္ဒပြစဉ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up