ဒွန်းဘတ်စ်နှင့်ခါရ်ကိဗ်မြို့တွင် ရုရှားက တိုက်ပွဲသစ်ပြင်ဆင်ဟု ဇလန်းစကီးပြော

ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းနေရာအတော်များများ ပြန်သိမ်းပိုက်နိုင်ပေမဲ့၊ တိုင်းပြည် အရှေ့ဘက်ခြမ်းက အလွန့်ကို ခက်ခဲတဲ့အခြေအနေရှိကြောင်း၊ ဒွန်းဘတ်စ်ဒေသနဲ့ ခါရ်ကိဗ်မြို့မှာ ရုရှားက တိုက်ပွဲအသစ်တွေအတွက် ပြင်ဆင်နေကြောင်း ပြောပါတယ်။
“ရန်သူတွေက တိုက်ပွဲအသစ်တွေအတွက် ပြင်ဆင်နေတယ်၊ ကျနော်တို့ကလည်း ခုခံမှုတွေအတွက် ပိုပြင်ဆင်နေရတယ်။ မြောက်ဘက်မှာတော့ ယူကရိန်းတပ်တွေ အသာစီးရလာတာကြောင့် ရန်သူတွေ တဖြေးဖြေး သိသိသာသာ ဆုတ်နေပြီ” လို့ ပြောပါတယ်။
ယူကရိန်းတပ်တွေက ကိယက်ဗ်မြို့တော်အနီး ရုရှားစစ်သားတွေ သိမ်းပိုက်ထားတဲ့ ဘူချာမြို့ကို ပြန်သိမ်းပိုက်ခဲ့ပြီး လမ်းပေါ်မှာ အရပ်သားတွေရဲ့ အလောင်းများစွာ မြင်မကောင်းအောင် ပျံ့ကြဲနေတာ တွေ့ရပါတယ်။
ရုရှားတပ်တွေဟာ မြို့နဲ့ ကျေးရွာတွေကို ဖျက်ဆီး၊ တင့်ကားတွေ စွန့်ထားခဲ့ပြီး အလျင်အမြန် ဆုတ်ခွာသွားတာပါ။
ဘူချာတမြို့လုံး ယူကရိန်းကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ မြို့တော်ဝန်က ကြေညာပါတယ်။
ကိယက်ဗ်မြို့ တဝိုက်နဲ့ နိုင်ငံမြောက်ဘက်ပိုင်းတွေမှာ ယူကရိန်းတပ်တွေ ဆက်တိုက် အောင်ပွဲခံနေတာပါ။