close

ပေါက်မြို့နယ်တိုက်ပွဲတွင် ရဲနှင့် ပျူစောထီး ၄ ဦးခန့်သေ၊ ၆ ဦးခန့်ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဧပြီ ၂ ရက် ညနေက  ရဲနဲ့ ပျူစောထီး အင်အား ၃၀လောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် SPPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့လို့  ရဲနဲ့ ပျူစောထီး ၄ ယောက်သေဆုံးကာ ၆ ယောက်လောက်ဒဏ်ရာရရှိသွားတယ်လို့ ပေါက်မြို့နယ်တောင်ပိုင်း SPPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ် ထန်းတောလယ်ရွာနဲ့ စမ်းရေခုံရွာကြားမှာ ဧပြီလ ၂ ရက် ညနေ ၃ နာရီလောက်က ကိုင်းလယ်ရဲစခန်းကရဲတွေနဲ့ ပျူစောထီးအင်အား ၃၀လောက်ကို SPPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားကာ ရဲနဲ့ပျူစောထီး ၄ ယောက်သေဆုံး ၆ ယောက်ဒဏ်ရာရရှိသွားတယ်လို့ SPPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အဲဒီတိုက်ပွဲအတွင်းမှာ ကျနော်တို့ SPPDF တပ်ရင်း(၂) တပ်ခွဲ(၁)ဘက်ကစပြီး မိုင်းဆွဲတိုက်ခိုက်တာဗျ။ လက်နက်ကြီးတွေနဲ့ လည်း ၁၂ ချက်လောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ သူတိုဘက်ကပြန်ပစ်ပေမဲ့ ကျနော်တို့  ရဲဘော်တွေထိခိုက်မှုမရှိဘူး။”

ထန်းလယ်တောရွာနဲ့ စမ်ရေခုံရွာကြားမှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး သံတွေ အချက် ၂၀ လောက်ကြားရကြောင်းနဲ့ တိုက်ပွဲကြောင့် ကျေးရွာ ၂ ရွာက ဒေသခံပြည်သူ ၈၀၀ ကျော်လောက် ဘေးလွတ်ရနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် ပုန်းအောင်းနေရတယ်လို့ စမ်းရေခုံ ရွာသားတစ်ယောက်ကလည်း  ပြောပါတယ်။

ပေါက်မြို့နယ် အင်းငယ်ထောင့်ရွာမှာ မတ်လ ၅ ရက်ကလည်း ကိုင်းလယ်ရဲစခန်းကရဲတွေနဲ့ ပျူစောထီးတွေ ပေါင်းပြီး ဒေသခံအမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်သတ်ဖြတ်ကာ ၃ နှစ်အရွယ် သမီးဖြစ်သူကိုပါ သေနတ်နဲ့ပစ်သတ်သွား နေအိမ် ၆ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားပါတယ်။

နှစ်ဘက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up