close

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံကို မလာကြရန် တိုက်တွန်း

မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ဧပြီ ၁၇ ရက်မှာ ပြန်စတင်ဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ နိုင်ငံတကာခရီးသွားလုပ်ငန်းအေဂျင်စီတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကတော့  နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ မြန်မာပြည်ကို မလာရောက်ကြဖို့ တိုက်တွန်းနေကြတယ်လို့  The Guardian သတင်းစာမှာဖော်ပြပါတယ်။

ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစားဖို့  တင်ပြကြပြီး ခရီးသွားလုပ်ငန်းက ဒေါ်လာငွေတွေဟာ အာဏာရစစ်တပ်အတွက်သာ အကျိုးရှိမှာဖြစ်ကြောင်းလည်း သတိပေးနေကြပါတယ်။ 

Burma Humanitarian Mission ရဲ့ ဥက္ကဋ္ဌဖြစ်သူ ပရဟိတ Backpack Medics ပရိုဂရမ် ဒါရိုက်တာ မိုက်ကယ်အစ်ရှာဝုဒ်ကတော့ ဘယ်သူ့ကိုမှ ခရီးသွားဖို့ အကြံပြုမှာ မဟုတ်ကြောင်းနဲ့ မြန်မာပြည်က ခရီးသွားတွေကို လမ်းပြန်ဖွင့်မယ်ဆိုရင် အဓိက ကတော့  လူထုကို ဖိနှိပ်နေတဲ့ စစ်အုပ်စုအတွက် အကျိုးရှိဖို့ပဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း လာရောက်လည်ပတ်ဖို့ အချိန်မဟုတ်သေးကြောင်းနဲ့ လူတွေ အလည်အပတ် ထွက်ခြင်း မပြုဖို့ တိုက်တွန်းထားပါတယ်။

ဗြိတိန်အစိုးရကတော့ လက်ရှိမှာ မြန်မာနိုင်ငံကို မသွားမဖြစ် ကိစ္စကလွဲလို့ ခရီးသွားလာမှုအားလုံးကို ဆန့်ကျင်ငြင်းပယ်ကြဖို့ အကြံပြုထားပြီး နိုင်ထက်စီးနင်း ဖမ်းဆီးခြင်း သို့မဟုတ် ဖမ်းဆီးခြင်း ခံရနိုင်တဲ့ အန္တရာယ်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

ကြုံရာကျပန်း ဖမ်းဆီးတာ၊ ရွာမီးရှို့၊ မုဒိမ်းကျင့်၊ ပြန်ပေးဆွဲ၊ တရားလက်လွတ် သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအပြင် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ပုံမှန်မီးဖြတ်တာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်က ခရီးသွားလုပ်ငန်းကို ဖွင့်လှစ်လိုက်တာဟာ မြန်မာနိုင်ငံက ခုတော့လည်း ပုံမှန်ပါပဲ ဆိုတဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ အချက်ပြနိုင်ကြောင်း မိုက်ကယ်အစ်ရှာဝုဒ်က ပြောကြားပါတယ်။

နိုင်ငံခြားခရီးသွားတွေဟာ တည်ငြိမ်မှုလို့ အဓိပ္ပာယ်ယူကြတာကြောင့် အာဏာပိုင်တွေက တည်ငြိမ်မှုရဲ့ပုံရိပ်ကို စီမံချက် ချချင်နေတာလို့ မြန်မာနိုင်ငံအခြေစိုက် ခရီးသွားအေဂျင်စီ Sampan Travel ရဲ့စီအီးအို ဘာတီးအလက်ဇန္ဒြားလောဆန်က ပြောပါတယ်။

အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်ရင်  လုံခြုံရေးအန္တရာယ်ဟာ  အခုပိုမိုမြင့်မားလာတယ်လို့ ဆိုပေမဲ့ အန္တရာယ်ကို အလေးအနက်ထား ဂရုစိုက်တဲ့ တိုးအော်ပရေတာနဲ့ ခရီးသွားရင်တော့ အန္တရာယ်ကင်းတဲ့ ခရီးသွားလာမှု ဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ လာရောက်လည်ပတ်သူတွေအနေနဲ့ သူတို့ ဘာကိစ္စနဲ့လာမယ်ဆိုတာကို ကြိုအသိပေးသင့်ပြီး မြန်မာလူမှုအသိုက်အဝန်းအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိ မရှိ တွက်ချက်သင့်ကြောင်းလည်း သူက ပြောပါတယ်။ 

ရန်ကုန်အခြေစိုက် ခရီးသွားအေဂျင်စီ Uncharted Horizons Myanmar ရဲ့ တည်ထောင်သူဖြစ်တဲ့ ကုမ္ပဏီဒါရိုက်တာ ဂျိုချန်းမီအစ္စနာကတော့ ခရီးသွားခြင်းကို တားမြစ်ကြောင်း အကြံပြုထားပြီး ဒီ ရန်ကုန်မှာတောင် နေ့တိုင်း ဗုံးဖောက်ခွဲ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိပြီး လမ်းတွေပေါ်မှာလည်း စစ်တပ်တွေ အများကြီးရှိတယ် လို့ ပြောပါတယ်။ 

အဓိက ခရီးသွားလည်ပတ်တဲ့နေရာတွေကို စစ်တပ်က လုံခြုံရေးဆောင်ရွက်ပေးမှာ ဖြစ်ပေမဲ့ အားလပ်ရက်မှာ ဘယ်သူ့ကိုမှ လာရောက်လည်ပတ်ဖို့ တိုက်တွန်းမှာ မဟုတ်ကြောင်းနဲ့  ဒီမှာ ဘာမှ အဆင်မပြေဘူး လို့လည်းက ပြောပါတယ်။ 

မြန်မာနိုင်ငံတွင်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူတွေသာ ဝင်ရောက်နိုင်မှာဖြစ်ပြီး တစ်ပတ်ကြာ ကွာရန်တင်း ဝင်ရမှာဖြစ်ပြီး PCR စမ်းသပ်မှု နှစ်ခုလည်း လုပ်ဆောင်ရမှာပါ။

ခရီးသွားတွေ ကြုံတွေ့ရမယ့် တခြားအခက်အခဲတွေကတော့ ငွေသားရရှိနိုင်မှု နည်းပါးခြင်း၊ ဘဏ်စနစ် တင်းကျပ်ခြင်းနဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတွေ ပါဝင်ပါတယ်။ 

အရင်က တိုးရစ်တွေအကြား ရေပန်းစားခဲ့တဲ့ ကယားပြည်နယ်နဲ့ ချင်းပြည်နယ် အပါအဝင် နိုင်ငံရဲ့နေရာတချို့ကိုလည်း အကန့်အသတ်မရှိ ပိတ်ထားဦးမှာဖြစ်ကြောင်း လောဆန်က ပြောပါတယ်။ 

အဲဒီနေရာတွေမှာ ရေ၊ လျှပ်စစ်နဲ့ အင်တာနက်သုံးစွဲမှု အကန့်အသတ်ရှိပြီး နေထိုင်မှုအခြေအနေ ပိုဆိုးလာကြောင်း သတင်းတွေ ထွက်နေပါတယ်။

Ref: The Guardian

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up