close

ကယား(ကရင်နီ) ပြည်နယ်တွင် KNDF တပ်ဖွဲ့က မူးယစ်ဆေးဝါးများဖမ်းမိ

ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမေ့ာဆိုမြို့နယ်နဲ့ လွိုင်လင်လေးမြို့နယ်တို့မှာ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့တွေက WY စာတန်းပါ မူးယစ်ဆေးဝါးအလုံးရေ ၅ သောင်းကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)  က ထုတ်ပြန်ထားပါတယ်။

ဧပြီ ၃ ရက်နေ့ မနက် ၁၀ ဝန်းကျင်အချိန်က ဒီးမော့ဆိုမြို့နယ် ပြည်သူများအသုံးပြုနေတဲ့ လမ်းပိုင်းတနေရာမှာ အိမ်စီးကား ၁ စီးကို KNDF B-09 ရဲဘော်တွေက စစ်ဆေးရာ WY စာတန်းပါ မူးယစ်ဆေးဝါး အလုံးသုံးထောင်ကျော် တွေ့ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

KNDF- B09 တပ်ဖွဲ့ဝင်တဦးက “ခရီးသည် အနည်းငယ်ပါတဲ့ အိမ်စီးကားတစီးကို ဒီးမေ့ာဆိုမြို့နယ်အတွင်းက ပြည်သူတွေ အသုံးပြုနေတဲ့ လမ်းပိုင်းတနေရာမှာ တားဆီး စစ်ဆေးခဲ့ပြီး ကားအတွင်းမှာ WY စာတန်းပါ မူးယစ်ဆေးဝါး အလုံး ၃၀၀၀ ကျော်ကို ဖမ်းဆီးရမိတာပါ။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို တခါတည်း မီးရှို့ ဖျက်ဆီးလိုက်ပြီး ခရီးသည်တွေနဲ့ ကားသမားကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဧပြီ ၂ ရက်နေ့ကလည်း လွိုင်လင်လေးမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားနေတဲ့ အမျိုးသားနှစ်ဦးကို KNDF-B12 က သိန်းနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး အလုံး ၄၅၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF - B12 ပြန်ကြားရေးတာဝန်ရှိသူတဦးက “မူးယစ်ဆေးဝါးကို ဟိုးအရင်ကတည်းက လက်မခံခဲ့သလို အခုချိန်ရော နောင်တချိန်မှာပါ မူးယစ်ဆေး သုံးစွဲရောင်းဝယ်ခြင်းကို လက်မခံနိုင်စရာ မရှိပါဘူး” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up