close

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ်စွဲထားသည့် ရွေးကောက်ပွဲအမှု အပြီးသတ်အမိန့်ချမည်

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဦးမင်းအောင်တို့အမှုကို လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့  ဧပြီ ၄ ရက် ဒီနေ့  စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ နှစ်ဘက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး ဧပြီ ၆ ရက်နေ့ မှာတော့ အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှု စွပ်စွဲချက် နဲ့ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)နဲ့ တရားစွဲဆိုထားသလို စည်ပင်ဝန်ကြီးတာဝန်ယူခဲ့တဲ့ ဦးမင်းအောင်ကိုလည်း အားပေးကူညီတယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ပါ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒု-ညွန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဦးညီပုကို ပုဒ်မ ၅၀၅(ခ)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ထားသလို အဂတိမှု ၃  မှုနဲ့စွပ်စွဲပြီးလည်း  အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားပါတယ်။ ဒါ့အပြင် ဝန်ကြီး ဦးမင်းအောင်ဟာလည်း  အဂတိမှုနဲ့စွပ်စွဲခံရပြီး  အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီး ဦးမင်းအောင်တို့ကို  စစ်ကောင်စီက အဂတိမှုတွေနဲ့ တဖက်သတ် စွပ်စွဲပြီး တရားစီရင်ခဲ့ပေမဲ့ လာဘ်စားထားတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြသနိုင်ခြင်း မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up