close

ကလောမြို့တွင် ကျဆုံး UTF ရဲဘော်တဦး၏ မိသားစုဝင်များ ဖမ်းဆီးခံရ

ဧပြီ ၄ ရက်နေ့က ပင်းတယမြို့အနီးဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးအနက် တဦးရဲ့ မိသားစုဝင်တွေကို ဧပြီ ၆ ရက်နေ့မှာ စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ အောင်ပန်းမြို့ ပြောက်ကျားတပ်ဖွဲ့ (UTF) ဝင် ၂ ဦးအနက် ၁ ဦး​ရဲ့ အမေ၊ ညီ၊ ညီမနဲ့ အဒေါ်ဖြစ်သူ ၂ ဦး စုစုပေါင်း ၅ ဦးတို့ကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ ရပ်ကွက် ၁ မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

UTF အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက “ကျနော်တို့အဖွဲ့ဝင်တွေက ခံယူချက်ပြင်းပြင်းနဲ့ အသက်ပေးသွားခဲ့ပါတယ်။ အဲလိုပဲ ကျန်ရှိ ရဲဘော်တွေဆီမှာလည်း တော်လှန်ရေးစိတ်ဓာတ် အပြည့်နဲ့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး။ သစ္စာအဓိဋ္ဌာန် ၄ ချက်ထဲကအတိုင်းပဲ။ တယောက်ပဲ ကျန်နေရင်တောင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုလို ကျဆုံးရဲဘော်ရဲ့ မိသားစုကို ဒုက္ခပေးတာတော့ မကောင်းဘူး၊ စစ်တပ်က တအားကို ယုတ်မာရိုင်းစိုင်းတယ်လို့ မြင်မိတယ်။ သေသူက သေခဲ့ပြီးပြီ၊ ကျန်ရှိမိသားစုကို ဒုက္ခမပေးသင့်ဘူး။ အဲဒီအတွက်လည်း လက်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေကို ဘယ်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နဲ့ အောင်ပန်းမြို့တို့မှာ PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခံနေရသူတွေ ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up