close

ရေး-မော်လမြိုင် ကားလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၃၀ ခန့် သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း  ရေး-မော်လမြိုင်ကားလမ်းမှာ ဧပြီ ၁၁ ရက် မနက်က စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၃၀ လောက် သေဆုံးကာ  အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF မြောက်ပိုင်းမှ တာဝန်ရှိသူက ပြောပါတယ်။ 

မနေ့မနက် ၁၀ နာရီကျော်လောက်က ကနင်ကမော့နဲ့ မော့ကနင်ရွာကြား မိုင်တိုင် ၇၀ အနီး မော်လမြိုင်မှ ရေးသို့ စစ်ကား ၆ စီးနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  KNLA၊ PDF ပူးပေါင်းတပ်တွေက  ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ရာမှာ ခရီးသွားကားတွေကို စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်လို့ အမျိုးသမီးငယ်တယောက် ဦခေါင်းထိမှန်ပြီး အဒေါ်ဖြစ်သူမှာ ဝမ်းဗိုက်ထိမှန်ခဲ့သလို အနီးအနားက ရာဘာခြံအလုပ်သမားတယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုအပြီးမှာ ကွာန်ကျိုက်တောင်ပေါ်မှာ အသင့်နေရာယူထားတဲ့ အမှတ်  ၁၄၇ စစ်ကောင်စီ အမြောက်တပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။  

အခုလို လက်နက်ကိုင်တိုက်ခိုက်မှုတွေ  ရွာတွေအနီးနား ဖြစ်ပွားခဲ့တာဖြစ်လို့ ဒေသခံရွာသားတွေမှာ စစ်ကောင်စီတပ်ရဲ့ ရန်ပြုလာမယ့်အန္တရာယ်တွေကို ကြောက်နေကြသလို  ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

KNU ၊ PDF ပူးပေါင်းအဖွဲ့တွေက ခရီးသည်ယာဥ်ကို စစ်ယာဥ်တန်းနဲ့ မှားယွင်းပစ်ခတ်လို့  ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က ထိခိုက် အကျအဆုံး မရှိဘူးလို့ စစ်တပ်ဘက်ကတော့ ပြောဆိုပါတယ်။

KNU ၊ PDF ပူးပေါင်းအဖွဲ့တွေဟာ  အောင်သပြေရွာ၊ လိမ္မော်ခြုံရွာ၊ ကနင်ကမော့ရွာ၊ နှင်းစုံရွာ စတဲ့ ကျေးရွာတွေအနီးမှာ စစ်ယာဥ်တန်းတွေကို ချုံခိုတိုက်ခိုက်လေ့ရှိတယ်လို့လည်း  စစ်ကောင်စီတပ်ဘက်က ပြောပါတယ်။ 

၂၀၂၁ နိုဝင်ဘာလကစပြီး အခုအချိန်အထိ ရေးမြို့နယ်မြောက်ပိုင်းမှာ YPDF KNLA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၁၀၀ ကျော်လောက် သေဆုံးထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up