နယူးယောက် မြေအောက်ရထားဘူတာတွင် ပစ်ခတ်ခဲ့သူကို ရဲတပ်ဖွဲ့ ရှာဖွေနေ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မြေအောက်ရထားဘူတာမှာ ရထားကို မီးခိုးဗုံး ၂ လုံးနဲ့ ပစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတယောက်ကို ဧပြီ ၁၂ ရက်က ရဲတွေ အသည်းအသန် လိုက်ရှာနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူအယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့တာပါ။ သေနတ်သမားက တယောက်တည်း လုပ်ခဲ့ပုံရပြီး အခင်းဖြစ်ရာကနေ ချက်ချင်း ထွက်ပြေးခဲ့တယ်လို့ ယုံကြည်ရကြောင်း ရဲတွေက ပြောပါတယ်။
လူ ၁၀ ယောက်လောက် သေနတ်ကျည်ဆန် ထိမှန်ခဲ့ပြီး ၅ ယောက်က ဆေးရုံကို အသည်းအသန် အခြေအနေနဲ့ တင်ပို့ခဲ့ရပေမဲ့ ခုတော့ အခြေအနေ တည်ငြိမ်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
လူ ၁၃ ယောက်ကတော့ မီးခိုးရှူမိခဲ့သလို ရုန်းရင်းဆန်ခတ် ဖြစ်ရပ်အတွင်း ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်တယ်လို့ ယုံကြည်ရတဲ့ ဗန်ကားတစီးကို ဘရွတ်ကလင်းရပ်ကွက်မှာ တွေ့ထားပြီလို့ နယူးယောက်မြို့ ရဲဌာနရဲမင်းကြီးက ပြောပြီး ကျူးလွန်သူကိုတော့ မမိသေးပါဘူး။