မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်ပြည်သူများအတွက် အကူအညီများ ဖြန့်ဖြူးပေးရန် ကြိုးစားနေ

ဖိလစ်ပိုင်နိုင်ငံကို တိုင်ဖွန်းမုန်တိုင်း မေဂီ ဝင်ရောက်တိုက်ခတ်အပြီး ထောင်သောင်းချီတဲ့ မုန်တိုင်းသင့် ပြည်သူတွေအတွက် အကူအညီတွေ ဖြန့်ဖြူးဖို့ အာဏာပိုင်တွေက ဧပြီ ၁၃ ရက်မှာ ကြိုးစားနေကြပါတယ်။
မုန်တိုင်းကြောင့် ကမ်းရိုးတန်းပြည်နယ်တွေမှာ မြေပြိုလို့ လူ ၅၆ ယောက် သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပျောက်ဆုံးနေတာပါ။
အသေအပျောက်များခဲ့တဲ့ ဘေးဘေးမြို့မှာ ဧပြီ ၁၂ ရက်က ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာကို ဖိလစ်ပိုင် ဒေသခံရုပ်သံ ABS-CBN က ထုတ်လွှင့်ပြသခဲ့ပါတယ်။ အလောင်းတလောင်းကို မြေတူးကားသုံးပြီး သယ်သွားတာလည်း တွေ့ရပါတယ်။
သီတင်းပတ်ကုန်ရက်က မုန်တိုင်းက ကုန်းတွင်းကို ဝင်ခဲ့ချိန်မှာ လူ ၄ သောင်း ၂ ထောင်ကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတာပါ။
ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်ကို ဒီနှစ်ထဲမှာဝင်တဲ့ ပထမဆုံးမုန်တိုင်းလည်း ဖြစ်ပါတယ်။ မုန်တိုင်းဟာ ခုတော့ အားပျော့ ပျက်ပြယ်သွားပြီလို့ အစိုးရ မိုးလေဝသဗျူရိုက ပြောပါတယ်။
ဖိလစ်ပိုင်မှာ တနှစ်ကို မုန်တိုင်းအလုံးရေ ၂၀ လောက် ပျမ်းမျှ ဝင်ရောက်လေ့ ရှိပါတယ်။